အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Friday, June 8, 2012

ကိုးတန်းကျောင်းသူတစ်ဦး အဆိပ်သောက် သတ်သေခဲ့မှု


မတရားညှင်းပန်းနှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့
ကိုးတန်းကျောင်းသူလေး မအိရွှေ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး အမျိုးမျိုးညှင်းပန်း နှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆိပ်သောက် သတ်သေသည့် အမှုတခုဖြစ်ပွား ခဲ့ပါသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ အဒေါ်ဖြစ်သူ   ဒေါ်ဆန်းညွန့်ရီမှ တူမဖြစ်သူအသက်(၁၇)နှစ်ရှိ မအိရွှေအား အမျိုးမျိုးညှင်းပန်း နှိပ်စက်ခဲ့ပါသည်။
သို့အတွက် မအိရွှေသည် အလွန်စိတ်ဆင်းရဲ သောကရောက်လွန်းသည့် အတွက် ၂၀၁၂-ခုမေလ(၄) ရက် နေ့တွင် အိန္ဒိယနိုင်ငံထုတ် အလွန်ပြင်းသောပိုးသတ်ဆေးပြားသောက်ပြီး မိမိကိုယ်ကို သတ်သေ မှုဖြစ်ပွားခဲ့သည်။
မအိရွှေ၏ အမေ ဒေါ်နွဲ့ရီဝင်းသည် တရွာတည်းနေ ကိုဇော်ဝင်းမောင်နှင့် လက်ထပ်ခဲ့သည်။ သို့သော် သဘောထားချင်း မတိုက်ဆိုင်သဖြင့် ကွာရှင်းပြတ်ဆဲရာတွင် ယောက္ခမဖြစ်သူ ဦးရှမ်း (ယခင် ရယက ဥက္ကဋ္ဌဟောင်း)ဒေါ်နွားခင်တို့မှ လက်ထပ်စဉ်က တင်တောင်းခဲ့သော ရွှေများကို အတိုးပါပြန်ပေး ရန် တောင်းဆိုခဲ့သည်။ သို့သော် မိခင်ဒေါ်နွဲ့ရီဝင်းမှာ၎င်းတို့ တောင်းဆိုသော အတိုးရွှေ မပေးနိုင်သဖြင့် သမီးဖြစ်သူ မအိရွှေအားရွှေတိုးအဖြစ် စာချုပ်ဖြင့် ယောက္ခမများထံ အပ်ခဲ့ရသည်။ ယောက္ခမများနှင့်
အဒေါ်ဖြစ်သူ မအေးမာလွင်၊ မဆန်းညွန့်ရီတို့မှ ရွှေတိုးအဖြစ်ရလာသော မအိရွှေအားအမျိုးမျိုး ၀ိုင်းဝန်း နှိပ်စက်ကြသည်။
သစ်ပင်ကို ကြိုးနှင့်တုတ်၍ရိုက်ခြင်း အိမ်တန်းတွင် ဇောက်ထိုးချ၍ နှိပ်စက်ခြင်းစသည်ဖြင့် လူမဆန်စွာ ၀ိုင်းဝန်းနှိပ်စက်ကြသည်။နောက်ဆုံးတွင် မအိရွှေခမျာ မခံမရပ်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံထုတ်
ပိုးသတ်ဆေးပြားများ သောက်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါသည်...။အဆိပ်သောက်ပြီး သေမည့် ကုတင်ပေါ်တွင် မသေနိုင်င်၍ ငြီးငြူနေရာတွင်အဒေါ်ဖြစ်သူ မဆန်းညွန့်ရီမှ မြန်မြန်သေချင်ရင် ဓားနဲ့ ထိုးသတ် သေလိုက်ဟုလူမဆန်စွာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းမာပင်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသော်လည်းတစ်လပြည့်သည့်တိုင် မည်သို့မျှ အရေး ယူခြင်း မရှိသေးပါ။
ဦးရှမ်း+ဒေါ်နွားခင်တို့မှာ ပစ္စည်းချမ်းသာသည့်အတွက် ဤအမှုကိုကားတစ်စီးကုန်သည်အထိ အထက်ကို လာဘ်ထိုးပြီး အမှုမပေါ်အောင်လုပ်မည်ဟုကြုံးဝါးထားကြောင်း ကြားသိရပါသည်။ ဤကဲ့သို့ တစ်လပြည့် သည့်တိုင်အမှုမှန်ပေါ်ပေါက်ရေးကို သက်ဆိုင်ရာ ရဲဋ္ဌာနမှ မည်သို့မျှအရေးယူဆောင်ရွက်ခြင်း တရားလို အား ဆင့်စာပေးပို့ခြင်း လုံးဝမရှိသည့်အတွက်သက်ဆိုင်ရာ ရဲအရာရှိများသည် လာဘ်ငွေများ အမြောက် အများ ယူ၍ အမှုကိုသေးသိမ်အောင် ပြုလုပ်နေသည်ဟု ယူဆရပါသည်.။
နိုင်ငံတော် အစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေးကို အကြိမ်ကြိမ်ပြောဆိုနေသော်လည်း အောက်ခြေ ၀န်ထမ်းများမှာ ယခင်အစိုးရ လက်ထက်အတိုင်း လာဘ်ပေး လာဘ်ယူမှုများရှိနေပြီး လုံးဝ မပြောင်းသေးကြောင်း ဤဖြစ်စဉ်ကမီးမောင်းထိုးပြနေပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် ကာယကံရှင်များအနေဖြင့်အထူးမေတ္တာ ရပ်ခံအပ်ပါသည်။
မိခင် ဒေါ်နွဲ့ရီဝင်း ကိုယ်စား ကိုမြင့်ကို ဆက်သွယ်ရန်ဖုန်း ၀၉၄၇၁၃၄၀၀၃
မတရားညှင်းပန်းနှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ကိုးတန်းကျောင်းသူလေး မအိရွှေ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါရန်...
သတင်းရင်းမြစ်း  သစ်ထူးလွင်
>>>ဆက်ဖတ်ရန်>>> >>

လစ်ဘရယ် ဒီမိုကရက် အစည်းအဝေး မြန်မာအကြောင်းဆွေးနွေး

ဓါတ်ပုံ Myanmar News Now
ဘယ်လ်ဂျီယန်နိုင်ငံ Brussels မြို့မှာ ဇွန်လ (၄)ရက်နေ့ကနေ (၈) ရက်နေ့ထိကျင်းပနေတဲ့ ဥရောပနဲ့အာရှဒီမိုကရက်နဲ့ လစ်ဘရယ် မဟာမိတ်ပါတီတွေရဲ့ညီလာခံမှာ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေကို စိတ်ဝင်တစား ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ညီလာခံကို တက်ရောက်နေ
တဲ့ အမျိုးးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

ညီလာခံမှာ တက်ရောက်နေတဲ့ CALD ခေါ် အာရှတွင်း ဒီမိုကရက်နဲ့လစ်ဘရယ် မဟာမိတ်ပါတီတွေက NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်အဖွဲ့ဝင် အဖြစ်ချီးမြှင့် ဂုဏ်ပြုထားပါတယ်။ CALD ရဲ့နောက်ပိုင်း လှုပ်ရှားမှုတွေမှာ NLD က ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးဝင်းထိန် က ပြောပါတယ်။

ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စကိုလည်း အဓိက ဆွေးနွေးတင်ပြနိုင်ခဲ့တယ်လို့ ပြည်ပအခြေစိုက် NCGUB ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ ကိုယ်စားလှယ် ဦးညိုအုန်းမြင့်က ပြောပါတယ်။

ညီလာခံမှာ ဥရောပ နိုင်ငံပေါင်း (၂၇) နိုင်ငံနဲ့ အာရှနိုင်ငံတွေ အကြား ကုန်သွယ်စီးပွားရေး ကိစ္စ အဓိက ဆွေးနွေးခဲ့ကြပါတယ်။

သတင်းရင်းမြစ်    RFA

>>>ဆက်ဖတ်ရန်>>> >>

အဲဗားဝင်းနား ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီမှာ ရေမဆေးကျောက်ရှာသူ တစ်ဦးအား ဝိုင်းဝန်းရိုက်နှက်၍ သေဆုံး

       30.5.2012 နေ့လည် 113း0 အချိန်  ဖားကန့်ဒေသရှိ အဲဗားဝင်းနား ကျောက်စိမ်းကုမ္မဏီ မှ
နတ်မှော် လုပ်ကွက်အတွင်း ရေမဆေးကျောက် ဝင်ရောက်ရှာသော ရေမဆေးကျောက်ရှာသူ
 မောင်မင်းမင်း (33) နှစ် အား ကုမ္မဏီ ဝန်ထမ်းများ မှ ဝိုင်းရိုက်နှက်တာကြောင့် သေဆုံးမှု ဖြစ်ခဲ့ရပါတယ်။

မောင်မင်းမင်းမှာ ဖားကန့်ဆေးရုံတွင်သေဆုံးခဲ့ပါသည် ။ ဖားကန့် ရဲစခန်းမှ ထိုအမှုကို လူသတ်မှုဖြင့်
အမှုဖွင့်ထားကြောင်း သိရသည် ။ ကုမ္မဏီမှ မောင်အေးလင်းဦး တစ်ယောက်ထဲကိုသာ  တရားခံ
လုပ်ခိုင်းထားကြောင်း ။ ထိုအမှု နှင့်ပတ်သက်ပြီး ဖားကန့် အာဏာပိုင်များ လာဒ်စားမှုများ ရှိနေကြောင်း
ရဲစခန်းနဲ့ နီးစပ်သူ တစ်ဦးကပြောပြသည် ။

ဖားကန့်ဒေသတွင် ကျောက်စိမ်းကုမ္မဏီများ ကျူးလွန်သော လူသတ်မှု ၊ လူသေမှု တော်တော်များများတွင်
ဌာနဆိုင်ရာများသည် ငွေများများ သုံးနိုင်သော ကုမ္မဏီများ ဘက်မှ အမြဲတမ်းလိုလို ရပ်တည်ပေးကြသည် ။
ဖားကန့် ကျောက်စိမ်းတွင်းဒေသတွင် နှစ်စဉ်လို ကားတိုက်မှု ၊ မြေပြိုမှု ၊ များတွင် လူသေဆုံးမှုများ ရှိခဲ့သည် ။
ကျောက်စိမ်းတွင်း လုပ်ငန်းမှ တစ်မှော်လုံးအတိုင်းနဲ့ပြောရရင် တစ်နှစ်ကို လူ ဆယ်ဦးထက်မနည်း သေဆုံးမှု
များရှိနေကြောင်း ဒေသခံများမှ ပြောပါသည် ။ ၎င်း လူသေမှုများတွင် ထိထိရောက်ရောက် အရေးယူမှုများ
မရှိကြောင်းသိရပါသည်။                                                                                                                                                                         

နစ်နာသူများကို လျော်ကြေးငွေ အနည်းငယ်သာပေးပြီး ဌာနဆိုင်ရာများကို လာဒ်ငွေ အမြောက်အများပေး ပြီး အမှုပိတ်ပြစ်သည်က များပါသည် ။
 
သတင်းရင်းမြစ်    သစ်ထူးလွင်
 
>>>ဆက်ဖတ်ရန်>>> >>

အောင်စိန် ချည်မျှင်နှင့် ဆိုးဆေးစက်ရုံမှ အလုပ်သမား ၆၀၀ ကျော်သည် ယနေ့နံနက် ၇ နာရီခန့်မှ စတင်ဆန္ဒပြနေ


ရန်ကုန် - မန္တလေး လမ်းမကြီး ရတနာပုံ တက္ကသိုလ်လမ်းခွဲအနီး မန္တလေး စက်မှုဇုန် (၁) ဧရိယာအတွင်း တည်ရှိသော New Stone ကုမ္ပဏီပိုင် အောင်စိန် ချည်မျှင်နှင့် ဆိုးဆေးစက်ရုံမှ အလုပ်သမား ၆၀၀ ကျော်သည် ယနေ့နံနက် ၇ နာရီခန့်မှ စတင်၍ အဆိုပါ စက်ရုံဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက် ရှိကြောင်း The Voice Weekly မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။

အလုပ်သမားများသည် တောင်းဆိုချက် ၆ ချက် တောင်းဆိုလျက် ရှိသည်ဟု သိရပြီး လက်ရှိအချိန်တွင် စက်ရုံဝင်းတံခါး ပိတ်ထားသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်သတင်းပေးပို့သည်။
အဆိုပါ စက်ရုံနှင့် မနီးမဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗေဒါသင်တန်းကျောင်း တည်ရှိသည်။

သတင်းရင်းမြစ်    The Voice Weekly
>>>ဆက်ဖတ်ရန်>>> >>

KNPP အဖွဲ့နဲ့ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဇွန် ၉ ရက်မှာ တွေ့မယ်


ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ငြိမ်းချမ်းရေးကိုယ်စားလှယ်
အဖွဲ့ဟာ သဘောတူညီမှုမရရှိသေးတဲ့အချက်တွေကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ထပ်မံဆွေးနွေးဖို့မနေ့ မနက်ပိုင်းက ထိုင်းမြန်မာနယ်စပ်ကနေ လွိုင်ကော်မြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

KNPP ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ခူးဦးရယ် ခေါင်းဆောင်တဲ့ ၉ ဦးပါအဖွဲ့ဟာ လာမယ့်ဇွန် ၉ ရက်နေ့မှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ထိုင်း မြန်မာနယ်စပ်မှတ်တိုင်ဂိတ် BP 10 ကနေ မနေ့က ကားလမ်းခရီးနဲ့ ထွက်ခွာသွားပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက KNPP ဖက်ကတင်ပြတောင်းဆိုထားတဲ့ နယ်မြေသတ်မှတ်ရေးနဲ့ အစိုးရစစ်ကြောင်းတွေ ပြန်ရုတ်သိမ်းပေးဖို့
အပါအ၀င် အချက် ၂၀ ကို သဘောတူညီမှုရရှိဖို့ ထပ်မံဆွေးနွေး
မှာဖြစ်တယ်လို့ KNPP ဗဟိုကော်မတီဝင် ခူးဖဲဘူး က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"ပြည်တောင်စုအဆင့်မှာ ဆွေးနွေးဖို့ပေါ့။ ခူးဦးရယ်ကနေ ဦးဆောင်ပြီးတော့ တွေ့ဆုံဖို့ ဒီနေ့ သွားလိုက်ပြီး၊ ဟိုးအရင်တုန်းက တင်ပြထားတဲ့ အချက် ၂၀ ပေါ်မှာပဲ ဆက်လက်ဆွေးနွေးသွားမယ်၊ ပထမ ပြည်နယ်အဆင့်မှာတုန်းကတော့ သဘောတူထားကြတာက အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ဆောင်ရွက်သွားဖို့ ၊ နောက် အခုတင်ပြထားတဲ့ အချက် ၂၀ ပေါ်မှာ ဆက်လက်ပြီးတော့ ပြည်ထောင်စု အဆင့်မှာ တွေ့ဆုံဆွေးနွေးကြဖို့ အဲ့လိုမျိုးပဲ သဘောတူထားကြတာကိုး၊ အဲ့ဒါ အခု ဒီ အချက် ၂၀ ကိုပဲအခြေခံပြီးတော့ သွားရောက်
တွေ့ဆုံဆွေးနွေးကြမယ် အဲ့ဒါပဲ ဖြစ်ပါတယ်။"

အခုတစ်ကြိမ် ပြည်ထောင်စုအဆင့်မှာ ကရင်နီပြည်နယ်ထဲမှာ စစ်ဆင်ရေးအားလုံးရပ်ဆိုင်းဖို့၊ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် ရက်ပေါင်း ၆၀ အတွင်း အစိုးရတပ်စခန်းတွေ ပြန်ရုတ်ပေးဖို့အပါအ၀င် ကရင်နီပြည်နယ်အတွင်းက ဒုက္ခသည်ကိစ္စတွေကို အဓိကထား
ဆွေးနွေးသွားဖို့ရှိကြောင်း ခူးဖဲဘူး က ဆက်ပြောပါတယ်။

"အဓိကတော့ ဒီ အပစ်အခတ်ရပ်စဲရေး သေချာသွားအောင် ဆိုပြီးတော့မှ သူ့နေရာ ကိုယ့်နေရာပေါ့လေ ဒီ စစ်တပ်နေရာ သတ်သတ်မှတ်မှတ်လေး
ဖြစ်အောင် အဲ့ဒါတော့ အဓိကထားပြီးတော့ ဆွေးနွေးကြမယ်။ ဘာဖြစ်လည်းဆိုတော့ အရင်တစ်ခေါက်က ဆွေးနွေးတာက သူတို့ စစ်ရေးဖက်ကနေ စစ်ရေးဆိုင်ရာတွေက ဘယ်သူမှ မပါလာဘူးလေ၊ ဘာမှ ဆုံးဖြတ်ချက်မရဘူး၊ ဆွေးနွေးမှုလည်းမရဘူး အဲ့လိုဖြစ်သွားတာပေါ့။ အဓိက အဲ့ဒါတွေကို ဆွေးနွေးသွားမယ်။"

ပြည်ထောင်စုအဆင့်နဲ့ ဆွေးနွေးပြီးရင် ပြည်နယ်အဆင့်နဲ့ အသေးစိတ်
ထပ်မံဆွေးနွေးဖို့ရှိပြီး နှစ်ဖက်ဆွေးနွေးမှုအဆင်ပြေရင် လွိုင်ကော်၊ ရှားတော၊ ဖာဆောင်း မြို့တွေမှာ ဆက်ဆံရေးရုံးတွေ တခါတည်းဖွင့်
သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ဟာ ၁၉၉၅ ခုနှစ်က
မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ၃ လ အကြာမှာ သဘောတူညီမှုပျက်ပြားခဲ့ပြီး အခုအခါ ငြိမ်းချမ်းရေးအတွက်
ပြန်လည်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။


သတင်းရင်းမြစ်    RFA
>>>ဆက်ဖတ်ရန်>>> >>

နိုင်ငံတော်သမ္မတ လာရောက်ရန်ရှိသဖြင့် အာနန္ဒာဘုရား ရှိဆိုင်ခန်းများပိတ်ခိုင်းထား


နိုင်ငံတော်သမတ လာရောက်ရန်ရှိသဖြင့် ပုဂံဒေသအာနန္ဒာဘုရားအနီးရှိ ဆိုင်ခန်းများအား
သက်ဆိုင်ရာကသုံးရက်ပိတ်ခိုင်းထားကြောင်းပုဂံဒေသခံများကပြောသည်။

       “ ဒီနေ့  ( ဇွန်လ ၇ ရက် ) ကစပိတ်ရတာ သုံးရက်ပိတ်ခိုင်းတယ် သမတလာ
လို့ ဆိုင်ပိတ်ရတယ် ဆို တာ သမတကြီးကိုမေးလိုက်ချင်တယ် ဒါဆင်းရဲမွဲတေ
မူ့ ပပြောက်ရေးလားလို” အဆိုပါဘုရားအနီးဆိုင်ဖွင့်ထား သူတစ်ဦးကပြောသည်။

       နိုင်ငံတော်သမတဦးသိန်းစိန်သည် ပခုက္ကူတံတားဖွင့်လှစ်ရန်အတွက် ဇွန်လ ၉
ရက်နေ့ တွင်ပုဂံဒေသ သို့ လာရောက်ရန်ရှိကြောင်းအာဏာပိုင်နှင့်နီးစပ်သူများကပြောသည်။

       “ ဒီလုပ်ရန်ကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ သမတကြီးကို  ပြည်သူတွေ
မညိုညင်စေချင်ဘူး ဒီလို လူကြီးလာမှအလုပ်လုပ်ပြတဲ့ခေတ်တွေလဲကုန်သင့်ပါပြီ”
ဟုပုဂံဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ တစ် ဦးကမှတ်ချက်ပြုသည်။

       အဆိုပါဘုရားအနီးတွင်ဆိုင်ခန်း ၅ ခန်းရှိပြီးနှစ်ပေါင်းများစွာကပင်စည်ပင်သို့ 
ပိုက်ဆံပေးရောင်းချနေခြင်းဖြစ်ပြီးဘုရားဂေါပကမှာ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူလွှတ်တော်
အမတ်ဖြစ်သည်။

သတင်း ရင်းမြစ်း   သစ်ထူးလွင်
>>>ဆက်ဖတ်ရန်>>> >>

ကျပ်တသောင်းတန် ငွေစက္ကူ ထုတ်မည်


တသောင်းတန် ငွေစက္ကူအသစ်။
မြန်မာနိုင်ငံမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူ သစ်တွေကို လာမယ့် ဇွန်လ ၁၅ ၇က်နေ့မှာ စတင်ထုတ်ဝေ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခုလို  ငွေစက္ကူသစ် ထုတ်ဝေတဲ့အတွက် ငွေကြေး ဖောင်းပွလာမှုတွေ ဖြစ်လာနိုင်မလား ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပေမဲ့ ဗဟိုဘဏ် တာဝန်ရှိသူကတော့ နိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေ ဖြစ်မလာအောင် ထိန်းသိမ်း ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ တန်ဖိုးအကြီးဆုံး ငွေစက္ကူအဖြစ် ကျပ်တစ်သောင်းတန်တွေကို လာမယ့် ဇွန်လ ၁၅ ရက် သောကြာနေ့မှာ စတင် ဖြန့်ချိ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခု တစ်သောင်းတန် ငွေစက္ကူတွေကို ဗဟိုဘဏ် ငွေကြေးဌာနတွေနဲ့ ဘဏ်တွေမှာရော၊ အစိုးရငွေတိုက်ကပါ စတင် သုံးစွဲတော့မှာ ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"ဇွန်လ ၁၅ ရက်နေ့ပါ။ ဗဟိုဘဏ်တွေကို လောလောဆယ် မရောက်သေးပါဘူး။ ဒီကြားထဲမှာပဲ ရောက်လာပြီးတော့၊ ဒီကြားထဲမှာပဲ ကျနော်တို့က သူ့ ရက်အမှီ ဖြန့်ဖို့ စီစဉ်ပါတယ်။"

အခု ငွေစက္ကူသစ် ထွက်မယ်ဆိုတဲ့ အတွက် နိုင်ငံမှာ ငွေကြေး ဖောင်းပွမှုတွေဖြစ်လာနိုင်စရာ  မရှိသလို ငွေကြေး ဖောင်းပွမှု ပြသနာမျိုးတွေလည်း မဖြစ်ရအောင် အစိုးရက စီစဉ် ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

"ဒီလောက်ကြီး မရိုက်နိုင်ပါဘူး။ ကျနော်တို့ တိုင်းပြည်ရဲ့ ကုန်ဈေးနှုန်း အခြေအနေ၊ လက်ရှိ မက်ကရို (Micro) စီးပွားရေး အခြေအနေတွေအရ လောလောဆယ်မှာလည်း ငွေကြေး ဖောင်းပွမှုနှုန်းက နဲနေတဲ့ အနေအထားမှာ ရှိတယ်။ နဲနေတော့ ကျနော်တို့ ဒီလို ရိုက်လိုက်လို့ ဒီ ဖောင်းပွမှုအပေါ်မှာ အများကြီး မထိခိုက်နိုင်ဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်။ ကျနော်တို့ဖက်က ငွေကြေး ဖောင်းပွမှုဖြစ်ရင် အပြင်မှာ ဖြစ်နေတဲ့ ငွေတွေကို ဘဏ်တွေမှာ ပြန်ရောက်အောင် Multi Policy (ပေါ်လစီမျိုးစုံ) နဲ့ လုပ်ရမှာပေါ့။ ငွေကြေး ဖောင်းပွမှုက ကျနော်တို့က ဂဏန်း တလုံးမှာပဲ ရှိပါတယ်။ ဂဏန်း ၂ လုံး မရှိပါဘူး။"

ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော် ပြောပြခဲ့တာပါ။

အခု ကျပ်တစ်သောင်းတန် ငွေစက္ကူ မတိုင်ခင် မြန်မာနိုင်ငံမှာ ကျပ် ငါးထောင်တန် (၅၀၀၀) တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက အစိုးရက အကြီးဆုံး ကျပ်ငါးထောင်တန် ငွေစက္ကူတွေကို  ထိန်းထိန်းသိမ်းသိမ်း ထုတ်ဝေခဲ့တဲ့ပုံစံကို နမူနာယူပြီး
အခု ကျပ်တစ်သောင်းတန်ကို ဖြန့်ချိ သွားမယ်ဆိုရင် နိုင်ငံထဲမှာ ငွေကြေးဖောင်းပွလာမယ့် ပြသနာကို ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဦးလေးညွန့်က သုံးသပ်ပါတယ်။

"ကျနော်တို့ ငါးထောင်တန် ထုတ်လိုက်တုန်းက ထုတ်မယ်လို့ ပြောလိုက်တဲ့ အချိန်မှာ အလုံးအရင်းနဲ့ ထွက်လာတာ မဟုတ်ပဲနဲ့ တဖြည်း တဖြည်း ထွက်လာလိုက်ပါတယ်။ ထွက်လာတော့ အဲဒီဟာကို သူတို့ နမူနာ ယူပြီးတော့ အခု ဒီဟာကိုလည်း အဲဒီလို လုပ်လိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်။ သူက ဟို Inflation (ငွေကြေး ဖောင်းပွမှု) ကို ချက်ချင်းကြီး ဖြစ်လာနိုင်စရာ မရှိအောင် သူတို့ ငွေကို ထုတ်ပါလိမ့်မယ်လို့ ဒီလိုထင်ပါတယ် ကျနော်တော့လေ။ ဘာလို့လည်းဆိုတော့ သူတို့လည်း အတွေ့အကြုံ ရှိပြီးသား ဆိုတော့လေ ဆိုလိုတာက အရင့် အရင် လုပ်ခဲ့တော့ ချက်ချင်းပဲ တုန့်ပြန်မှုတွေ ဖြစ်လာတယ်၊ အဲဒါကို သူတို့ အတွေ့အကြုံ ရှိကြပါတယ်။ အဲဒီတော့ ဒီအတွေ့အကြုံကို သူတို့ ယူပြီးတော့ လုပ်ရင်တော့ ဆိုးဆိုး ရွားရွား ဖြစ်လာနိုင်စရာတော့ အကြောင်း မရှိလောက်ဘူးလို့ ကျနော်တော့ ဒီလို ယူဆမိပါတယ်။"

လက်ရှိမြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု ပြသနာဟာ သိပ်ပြီး ကြီးကြီးမားမား မရှိဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့်မို့ အလွန်အကျွံ မဟုတ်ပဲနဲ့ ငွေကြေးဖောင်းပွမှု အနည်းငယ် ဖြစ်လာမယ် ဆိုရင်တောင် စီးပွားရေးလုပ်ငန်း တချို့အတွက် အကျိုးရှိလာနိုင်စရာတောင် ရှိတယ်လို့လည်း ဦးလေးညွန့်က သူအမြင်ကို ပြောပြပါတယ်။

"အခု အခြေအနေကတော့ ကျနော်တို့က ငွေကြေး ဖောင်းပွမှု အတော် နဲနေပါတယ်။ နဲနေပါတယ်ဆိုတာ အဓိက Commodities (စားသုံးကုန်) တွေဖြစ်တဲ့ ဥပမာ ဆန်တို့၊ ဆီတို့ စတဲ့ မီးဖိုချောင်သုံး သီးနှံ အချို့ကလွဲရင်ပေါ့လေ၊ အချို့ကဆိုတာ ဆန်ဆိုရင် အောက်ဈေးပါ။ တကယ် ဖြစ်နေတဲ့ ဆန်ဈေးနဲ့က ဆန်ဈေးက နိမ့်နေပါတယ်။ အဲဒီတော့ လယ်သမားကလဲ ဘယ်လိုမှ တွက်ခြေ မကိုက်နိုင်တဲ့ဟာမျိုးပေါ့။ ကျနော့် အမြင်တော့ Inflation ဖြစ်လာပြီးတော့များ Demand တက်လာမယ် ဆိုရင်တော့ ကောင်းတဲ့ အလားအလာလို့ ကျနော်က ဒီလို ယူဆမိပါတယ်။ ဟို တဖက်ကလည်း ပြောကြပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ Inflation ရှိနေတယ်။ အဲဒီတော့ ရှိတာလည်း မှန်ပါတယ်။ ဒီ တသောင်းတန်စက္ကူ ထွက်လို့များ မထိန်းပဲနဲ့ ထုတ်ရင်တော့ အန္တရာယ် ရှိတာပေါ့။ ဒါပေမယ့် ထိန်းပြီးတော့များ အခု ငါးထောင်တန်
လုပ်သလိုမျိုး ထိန်းပြီးတော့ အလွန်အမင်း ငွေကြေး ဖောင်းပွတာ၊ ရုတ်တရက် Hyperinflation မဖြစ်အောင် ထိန်းထားနိုင်တယ် ဆိုရင်တော့ အကျိုးတခု ရလာလိမ့်မယ်လို့ ဒီလို ယူဆနိုင်ပါတယ်။"


စီးပွားရေးပညာရှင် ဦးလေးညွန့်က သုံးသပ်ခဲ့တာပါ။

အခုထုတ်ဝေမယ့် ငွေစက္ကူ တစ်သောင်းတန် အသစ်ဟာ အလျား ၁၅ စင်တီမီတာ၊ အနံ ၇ စင်တီမီတာ ရှိပြီး အပြာရောင်ပေါ်လွင်တဲ့ ငွေစက္ကူ ဖြစ်တယ်လို့ ဖော်ပြထားပြီးတော့ လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ အကြွေတွေဟာလည်း တရားဝင် နိုင်ငံမှာ ဆက်လက်သုံးစွဲခွင့် တည်ရှိနေမှာ ဖြစ်တယ်လို့လည်း အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။




သတင်းရင်းမြစ်    VOA
>>>ဆက်ဖတ်ရန်>>> >>