အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, June 19, 2012

ရန်ကုန်လွှတ်တော်တွင်း မွန်ကိုယ်စားလှယ်ရရေး စတင်ကြိုးပမ်း



စံခလပူရီ (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်းအတွင်း နေထိုင်ကြသည့် မွန်လူမျိုးများ၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရှိ မှားယွင်းသည့် အချက်အလက်များကို ပြန်လည်ပြင်ဆင်ပေးရန် လူဝင်မှု ကြီးကြပ်ရေးဌာနသို့ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် မွန်တိုင်းရင်းသား တသိန်းခန့် နေထိုင်လျက်ရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီ AMRP က ခန့်မှန်းထားသော်လည်း ရန်ကုန်တိုင်း လဝက စာရင်းအရ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (ဝ.၁) ရာခိုင်နှုန်းဖြစ်သည့် ၅၇,ဝဝဝ ဦး မပြည့်မီသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ် တင်သွင်းခွင့် မရရှိခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာဗညားအောင်မိုး က ပြောသည်။

“ရန်ကုန်တိုင်းမှာ မွန်တိုင်းရင်းသားတွေ ဒီလောက်များတာတောင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် မရဘူး။ ဒါကို မပြင်နိုင်ရင် ရန်ကုန်မြို့ကနေ မွန်ကုန်မြို့ ဖြစ်သွားမယ်” ဟု မဇ္ဈိမကို ပြောသည်။

မွန်လူမျိုး ဖြစ်သော်လည်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များတွင် ဗမာ ဗုဒ္ဓဘာသာ ဟု ဖော်ပြခံ ထားရသည့်အတွက် AMRP ၏ တိုက်တွန်းချက်ဖြင့် ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ လက်အောက်ရှိ မွန်သာရေး နာရေး ကူညီမှုအသင်းက ပြင်ဆင်ရန် စီစဉ်ခြင်း ဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် အသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင် မှားယွင်း ဖော်ပြခံရသည့် မွန်တိုင်းရင်းများ စာရင်းကို စတင်ကောက်ယူသွားမည် ဖြစ်သည်ဟု ဆိုသည်။

“အဲဒီအစည်းအဝေးမှာ မွန်တွေ အားလုံးသိအောင် ပြောမယ်။ စာရင်းတွေ ရရင်တော့ ဒါဟာ ကျနော်တို့ ရှေ့ဆက်လုပ်ဖို့ အခြေခံတော့ ဖြစ်သွားမယ်။ ၂၀၁၄ မကုန်ခင် အပြီး လုပ်နိုင်လိမ့်မယ်” ဟု မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌနိုင်မင်းသောင်းသျှင်က ပြောသည်။

စာရင်းများ ကောက်ယူပြီးပါက အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို ပူးတွဲကာ လူဝင်မှု ကြီးကြပ်ရေး ဌာနသို့ပြင်ဆင်ပေးရန်အတွက် တင်ပြသွားမည် ဖြစ်သည်။

“ပြင်တာက သူတို့ ပြင်ပေးတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က လျှောက်လွှာတွေ တင်ပြီး အသိပေးရမယ်။ ဘယ်မှတ်ပုံတင်နံပါတ်၊ ဘယ်ရပ်ကွက်၊ ဘယ်ရွာ၊ အိမ်နံပါတ် ဘယ်လောက်။ နောက်တော့ အိမ်ထောင်စုစာရင်း အဲဒါတွေကိုပါ တွဲပြီး တင်ပြရမယ်” ဟု ဒေါက်တာဗညားအောင်မိုး က ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်များ ရရှိရန် AMRP က ရည်ရွယ်ခဲ့သော်လည်း ကရင်ပြည်နယ်တခုတွင်သာ တင်သွင်းခွင့် ရရှိခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လူမျိုးအမည် လွဲမှားနေသည့် မှတ်ပုံတင်များအား အမည်မှန်ပြန် လည်ပြင်ဆင်ပေးရန် ရှိ/မရှိ ရှမ်းအမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦး ၏ မေးမြန်း ချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်လည် ပြင်ဆင်ပေးမည်ဟု ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် မွန်ပြည်နယ် မုဒုံမြို့သူ မိမိုရ်ချမ်း ကလည်း “ကျမ သူငယ်ချင်းတွေရဲ့ မှတ်ပုံတင် မှာ ဗမာ ဗုဒ္ဓလို့ တွေ့ရတာ အများကြီးပဲ။ သူတို့က မွန်လို့ ထည့်ခိုင်းတယ်။ လဝက က အတူတူပဲ ဆိုပြီး ဗမာလို့ ထည့်လိုက်တာ” ဟု ပြောသည်။

သူမ၏ အဆိုအရ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ သာကေတနှင့် တာမွေ စသည့် မြို့နယ်များတွင် မွန်လူမျိုး အများအပြားနေထိုင်ကြသည်။ မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မွန်တိုင်းရင်းသား ၃ သန်းခန့် နေထိုင်လျက် ရှိသည်။

သတင်းရင်းမြစ်    မဇ္ဈိမ     
>>>ဆက်ဖတ်ရန်>>> >>

နိုင်ယက္ခနှင့် တွေ့ဆုံမေးမြန်းခြင်း (ရုပ်သံ)



သတင်းရင်းမြစ်း  လွတ်လပ်သော မွန်သတင်းအေဂျင်စီ
>>>ဆက်ဖတ်ရန်>>> >>

ရခိုင်ပြည်နယ် ဒုက္ခသည်များ ဆေးကုသမှု ရရှိရန်လိုဟု MSF ဆို


မဇ္ဈိမသတင်းဌာန ။       ။ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်တော်တော်များများသည် ယခုအခါ လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက် မှုများ၊ ဆေးဝါးကုသမှုများ မရရှိဘဲဖြစ်နေသည်ဟု နယ်စည်းမခြား ဆရာဝန်များအသင်း MSF က ဆိုသည်။ MSF အနေဖြင့် ဒေသတွင်းရှိ ၎င်း၏ လုပ်ငန်း များ ရပ်ဆိုင်းရန် ဖိအားပေးခြင်း ခံနေရသည်။

ဇွန်လ ၉ ရက်နေ့တွင် ပဋိပက္ခများ ဖြစ်ခဲ့ပြီးနောက် ဒေသတွင်းရှိ MSF ကျန်းမာရေး ဝန်ထမ်းများမှာ အန္တရာယ် အနေအထားနှင့် ရင်ဆိုင်ခဲ့ရသည်ဟု MSF ၏ တနင်္လာနေ့တွင် ထုတ်ပြန်သော ကြေညာ ချက်ထဲတွင် ဖော်ပြထားသည်။
MSF2 
“ပဋိပက္ခကြောင့် ဒုက္ခသည် ဖြစ်ခဲ့ရသူတွေဟာ အရေးပေါ် ဆေးဝါးကုသမှုတွေ မရရှိသလို ကျနော်တို့ရဲ့ လူနာတွေဟာ လုံလောက်တဲ့ ဆေးဝါးကုသမှုကို တောက်လျှောက် လိုအပ်နေတဲ့အတွက် MSF အနေနဲ့ အလွန်အမင်း စိုးရိမ်မိပါတယ်” ဟု MSF ၏ လုပ်ငန်းမန်နေဂျာ Joe Belliveau က ဆိုသည်။

“ကျနော်တို့ရဲ့ လတ်တလော စိုးရိမ်သောက တွေကတော့ အရေးပေါ် ကုသမှုတွေ ပြုလုပ်ပေးဖို့၊ လူတွေအတွက် အစားအစာနဲ့ အထောက်အပံ့များ ရရှိဖို့နဲ့ HIV လူနာတွေအတွက် အသက်ကယ် ကုသမှုတွေ ပြုလုပ်ပေးရေးတွေနဲ့ ပတ်သက်နေပါတယ်” ဟု ဆိုသည်။

ဆက်တိုက် ဖြစ်ပွါးနေခဲ့သော အကြမ်းဖက်မှုများ၏ အန္တရာယ်မှ လွတ်မြောက်ရေးအတွက် ထွက်ပြေး လာသူများနှင့် နယ်စပ်ဒေသ တလျှောက်တွင် ဆေးဝါး ကုသမှု လိုအပ်နေသူများအား ဘင်္ဂလားဒေ့ရှ် အစိုးရက ငြင်းပယ်ခဲ့ကြောင်း သတင်းများအရ သိရသဖြင့် MSF မှ စိုးရိမ်မိကြောင်းလည်း ဆိုသည်။ MSF အနေဖြင့် ဆေးဝါး အကူအညီ လိုအပ်နေသူ များအား ဒေသစွဲ မထားဘဲ မည်သူ့ကိုမဆို ကုသပေးရန် အဆင်သင့် ရှိသည်ဟု ဆိုသည်။

“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးမှာ ရှိနေတဲ့၊ အကြမ်းဖက်မှုဒဏ် ခံရသူတွေဆီကို အကူ အညီတွေ ပေးအပ်နိုင်အောင် MSF အနေနဲ့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူတို့ကို ကျနော့်တို့ ဆီ ရောက်လာအောင်လည်း ခွင့်ပြုသင့်ပါ တယ်” ဟု Joe Belliveau က ဆိုသည်။

ရခိုင်ပြည်နယ်တွင် MSF အနေဖြင့် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုများ အပြင် ငှက်ဖျား၊ ဝမ်းရောဂါ၊ AIDS နှင့် TB ကဲ့သို့သော ကူးစက် ရောဂါများကို အလေးပေး၍ နှစ်ပေါင်း ၂၀ ခန့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးနေ သည်။

MSF အနေဖြင့် ၂၀၁၁ ခုနှစ်အတွင်း ဝေဒနာရှင်နှင့်တွေ့ဆုံကာ ဆေးကုသပေးမှု အကြိမ်ပေါင်း ၄၈၇,၀၀၀ ခန့်ပြုလုပ်ပေးခဲ့ပြီး ART ဆေးဝါးကုသမှုနဲ့ စောင့်ရှောက်ပေးနေသည့် AIDS ဝေဒနာရှင်ပေါင်း ၆၀၀ ကျော် ရှိသည်ဟု သိရသည်။

MSF ၏ ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော ဆေးကုသပေးရေး အစီအစဉ်များအနက် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက် ကုသပေးမှု အစီအစဉ်သည်လည်း တခုအပါအဝင် ဖြစ်ကြောင်း သိရသည်။ MSF သည် မြန်မာနိုင်ငံတွင် AIDS ဝေဒနာရှင်များအား ကုသပေးနေသည့် အဓိက အဖွဲ့အစည်း တခုဖြစ်ပြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတွင် လည်း ဦးဆောင်မှု ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

သတင်းရင်းမြစ်    မဇ္ဈိမ     
>>>ဆက်ဖတ်ရန်>>> >>

စစ်တွေ RNDP ပါတီဝင်များ အဖမ်းခံရ


 မီးလောင် ပျက်စီးသွားသည့် စစ်တွေမြို့ နာဇီဈေးအား ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ တပ်မတော်သား များ၊ ရဲ တပ်ဖွဲ့ဝင်များ အပါအ၀င် လုပ်အားပေး ၁၅၀ ၀န်းကျင်က ရှင်းလင်းရေး ပြုလုပ်နေစဉ်(ဓာတ်ပုံ – CJ Myanmar)


ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းအား အကြမ်းဖက်မှုကို တားမြစ်ခဲ့သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပါတီဝင် ၄ ဦး နှင့် ရခိုင်အရပ်သား ၄ ဦးအား ဆူပူမှုဖြင့် စွပ်စွဲကာ ဒေသခံ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း RNDP က ပြောသည်။
အဆိုပါ ၈ ဦးကို ယခုလ ၁၅ ရက်နေ့မှ စ၍ ရဲနှင့် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့က လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ပြီး ယင်း ဖမ်းဆီးခံထားရသူများသည် အကြမ်းဖက်မှုတွင် ပါဝင်ခြင်းမရှိဘဲ ဆူပူမှုကို တားဆီးခဲ့သူများဖြစ်ကြောင်း RNDP ပါတီ ပြောခွင့် ရသူ ဦးခိုင်ပြည်စိုး က ဧရာဝတီသို့ ပြောပြသည်။
“ရဲစခန်းမှာဖြစ်တဲ့ ကိစ္စမှာ ကျနော်တို့ပါတီက လူကြီးတွေက လူထုကို လိုက်ထိန်းတယ်။ အဲဒီတုန်းက ပါတီက လူကြီးတွေနဲ့ ပါလာပြီး ဝိုင်းထိန်းတဲ့လူငယ်တွေကို ဖမ်းပြီးတော့ အခု စစ်တွေထောင်ထဲကို ထည့်လိုက်တယ်။ မိသားစုတွေကလည်း စိတ်ပူနေကြတယ်။ သူတို့ဟာ ဆူပူတဲ့လူတွေမဟုတ်ဘဲနဲ့ ရဲစခန်းကို အမာခံကာကွယ်ပြီး မဖြစ်အောင်တားမြစ်ပေးခဲ့တဲ့ ကျနော်တို့ပါတီကလူတွေ”ဟု ဦးခိုင်ပြည်စိုး က ပြောသည်။
ယခုလ ၂ ရက်နေ့က နာဇီဈေးခေါ်စက်ရုံစုဈေး အကောက်အခွန် ကြီးမားမှု လျှော့ချပေးရန် ဦးဆောင် 
တောင်း ဆိုခဲ့သူ ဦးအောင်သန်းဝေ အား ဆန့်ကျင်ဘက် အဖွဲ့တဖွဲ့မှ သတ်ဖြတ် ခဲ့ကြောင်း ကောလာဟလ သတင်းများပျံ့ခဲ့ပြီးနောက် ဦးအောင်သန်းဝေ ရုပ် အလောင်း ရှာပေးရန် စစ်တွေမြို့ပေါ်ရှိ အမှတ်(၁) ရဲစခန်းကို လူ ၁၀၀ ကျော်က ခဲများဖြင့် ပစ်ပေါက်ခဲ့သည်။ ဦးအောင်သန်းဝေ လုပ်ကြံခံရခြင်း မရှိကြောင်း၊ မသေကြောင်း ကာယကံရှင် ကိုယ်တိုင် နှင့် RNDP ပါတီ ခေါင်းဆောင်များက သွားရောက် ဖြေ ရှင်းပြီးနောက် ရခိုင် လူငယ် တချို့ ပြန်သွားသော်လည်း အများစုကမပြန်ဘဲ ရဲစခန်းအား ခဲများဖြင့် ပစ်ပေါက် ခဲ့ကြခြင်းကြောင့် ရဲက ပစ်ခတ်ခဲ့သဖြင့် လူ ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြသည်။
အကြမ်းဖက်မှု ပြုလုပ်သူများအား ဥပဒေအရ ဖမ်းဆီးအပြစ်ပေးခြင်းကို ထောက်ခံသော်လည်း စစ်တွေမြို့ မတည်မငြိမ် ဖြစ်နေချိန် တွင် အကြမ်းဖက်မှုများတွင် ပါဝင်ခြင်းမရှိသူများကို ရွေးချယ်၍ သံသယဖြင့် ဖမ်းဆီးနေမှုများ မပြုလုပ်သင့်ကြောင်းနှင့် အစိုးရ၏ ယခု လုပ်ရပ်အပေါ် နားမလည်နိုင်အောင်ဖြစ်ရကြောင်း ဦးခိုင်ပြည်စိုးက ပြောဆိုသည်။
“ဒီနေ့ ဒီအချိန် နိုင်ငံတော်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အချိန်မှာ၊ ဒီပြဿနာတွေကို လိုက်ပြီးတော့ ဖွပေးနေ တဲ့အခါမှာ၊ ဒါဟာ လူထုကို သက်သက် ဆွပေးနေသလိုဖြစ်တယ်လို့ ကျနော်တို့က မြင်တယ်။ ဒီကနေ့ မတည်ငြိမ်သေးတဲ့ တိုင်းပြည် တရားဥပဒေ စိုးမိုးရေး အပိုင်းကို လုပ်ပြီး ငြိမ်ငြိမ်လေး ထိန်းထားရ မယ့် အချိန်အခါမှာ၊ ရှေ့က ဖြစ်တဲ့ ပြဿနာ အေးသွားပြန်တော့ အစိုးရက လုပ်နေတာတွေဟာ တဖန် တိုင်းပြည်ကို မကျေနပ်မှုတွေ ပေါ်ပေါက်လာအောင် လုပ်နေတာတွေနဲ့ တူတယ်လို့ မြင်တယ်”ဟု လည်း သူက ဆိုသည်။
ယင်းသို့ ဖမ်းဆီးနေမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အမှတ်(၁) ရဲစခန်းနှင့် အမှတ်(၂) ရဲစခန်းများသို့ ဆက်သွယ်မေးမြန်း ခဲ့ သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်၍ ယမန်နေ့က RNDP အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က အမှတ် (၁) ရဲစခန်းသို့ မေးမြန်းစုံစမ်းရာတွင် စခန်းကို ခဲနှင့်ပေါက်သဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ဆွေးနွေးစရာ အကြောင်းမရှိဟု စခန်း တာဝန်ရှိသူများက တုံ့ပြန်ခဲ့ကြောင်း RNDP ကပြောသည်။
အလားတူ စစ်တွေခရိုင် ကျောက်တော်မြို့နယ်တွင် ဘင်္ဂါလီများနှင့် အဓိကရုဏ်း ဖြစ်ပွားစေရန် လုပ်ဆောင်မှု သံသယဖြင့် ရခိုင် အမျိုးသား ၈ ဦးနှင့် သံဃာတော် တပါးအား ကျောက်တော် အာဏာပိုင် များက ဖမ်းဆီးခဲ့ပြီး ယမန်နေ့က စစ်တွေထောင်ကို ရောက် ရှိနေကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါ ၉ ဦးကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ ယမန်နေ့က ကျောက်တော်မြို့ပေါ်တွင် ဒေသခံ ရခိုင် တိုင်းရင်းသားများက တောင်းဆိုဆန္ဒ ပြမှုဖြစ်ပွားခဲ့သေးသည်။
ယနေ့တွင် ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ အဓိကရုဏ်းဖြစ်ပွားခဲ့သော နေရာများတွင် တည်ငြိမ်လျက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များက ပြောသည်။

သတင်းရင်းမြစ်    ဧရာဝတီ  

>>>ဆက်ဖတ်ရန်>>> >>

ရခိုင်ပြည် ပဋိပက္ခကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဆင့်တိုးမြင့် ဆွေးနွေးရန် ရွှေ့ဆိုင်း



ရခိုင်ပြည် ပဋိပက္ခကြောင့် နေပြည်တော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဆင့်တိုးမြင့်ဆွေးနွေးရန် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။

Bao_Youxing
                                                         UWSA ခေါင်းဆောင် ပေါက်ယိုချမ


သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ သော ဝ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) သည် ငြိမ်းချမ်းရေး အဆင့် တိုးမြင့် ဆွေးနွေး ရန် နေပြည်တော်သို့ ဂျွန်လ ၁၅ ရက်နေ့၌ သွားရောက်ရမည်ဖြစ်သည်ဟု ဆို၏။

“ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာကြားက ပဋိပက္ခကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရက်ရွှေ့လိုက်တယ်။ ဆွေးနွေးဖို့ ဘယ်နေ့ပြန်ချိန်းမလဲတော့ မသိဘူး” ဟု  ဝ အရာရှိနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု-သျှမ်းပြည်အရှေ့ပိုင်း (NDAA-ESS) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA တို့လည်း ငြိမ်းချမ်းရေး အဆင့်တိုးမြင့် ဆွေးနွေး ရန် အစိုးရဘက်မှ ဖိတ်ခေါ်ခဲ့သည်။
Sai_Leun                                                       NDAA ခေါင်းဆောင် စဝ်စိုင်းလင်း

“ပန်ဆန်းအဖွဲ့ ဆွေးနွေးပြီးရင် ကျနော်တို့ မိုင်းလားအဖွဲ့ဘဲ။ ရက်ရွှေ့လိုက်တော့ မိုင်းလားအဖွဲ့ လည်း နေပြည်တော်ကို မသွားဖြစ်တော့ဘူး” ဟု မိုင်းလားအရာရှိတစ်ဦးက ပြောပါသည်။

သို့သော် သျှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟု လူသိများသည့် SSPP/SSA မှာမူ ဂျန္နဝါရီ ၂၈ ရက် အပစ်ရပ်ရန် သဘောတူ ဆွေးနွေးပြီးနောက်ပိုင်း မြန်မာစစ်တပ်နှင့် ၁၈ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ နောက်ဆုံးတိုက်ပွဲမှာ ဂျွန် ၁၇ ရက် ညနေ ၃ နာရီခန့် မိုင်းရှူးမြို့နယ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ကြောင်း၊ တောင်ဟျိုးနှင့် မိုင်းအောတ်ကြားအခြေစိုက် သျှမ်းတပ်ဖွဲ့၏ တပ်မဟာ ၃၆ ကို ခမရ ၅၁၆ နှင့် ခမရ ၅၁၇ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း SSPP/SSA အသိုင်းအဝိုင်းက ဆို၏။
Pang_Fa
                                                     SSPP/SSA ခေါင်းဆောင် စဝ်ပန်ဖ

ဝ တပ်ဖွဲ့ (UWSA)၊ မိုင်းလားတပ်ဖွဲ့ NDAA နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့သည် ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့ ခေါင်းဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေး ပြီး အပစ်ရပ်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

လွန်ခဲ့သည့်လအတွင်း ပြန်လည်ဖွဲ့စည်းလိုက်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့၌ ဦးအောင်သောင်း ပါဝင်ခြင်းမရှိသော်လည်း ဦးသိန်းဇော် က ဒုဥက္ကဋ္ဌဌ(၃) အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်       
>>>ဆက်ဖတ်ရန်>>> >>

အစိုးရ ငြိမ်းချမ်းရေး နည်းလမ်းသုံး ဖြေရှင်းရန် SSA ပြော

အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး သဘောတူညီချက်အရ မဖြေရှင်းပါက မလိုလားအပ်သည့် ပြ ဿနာများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည် တပ်မတော် တောင် ပိုင်း(SSA-S)က ပြောသည်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ မေလ ၁၉ ရက်နေ့က သဘောတူညီချက်များ လက်မှတ်ထိုးပြီးနောက် လက်ဆွဲနှုတ်ဆက် စဉ် (ဓာတ်ပုံ – ဧရာဝတီ)

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အတွင်းရှိ SSA-S တပ်စခန်း ခုကို ယခုလ ၁၆ ရက်နေ့က အစိုးရ ခြေ လျင် တပ်ရင်းအမှတ် ၆၅ နှင့်၂၂၅ တို့က ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်၍ ယင်းတပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း SSA-S မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။
ယခု ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်း အကြိမ်၂၀ မြောက် ဖြစ်သည်။
“ငြိမ်းချမ်းရေး နည်းလမ်းကို မသုံးဘဲနဲ့ စစ်ရေးနဲ့ ကျနော်တို့ကို ဒီအတိုင်းပဲ လာပြီးတော့ ဖြေရှင်းနေမယ် ဆိုရင်တော့ မလိုလားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်လာမယ်”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသော်လည်း အစိုးရဘက်က ယင်းတပ်စခန်းမှ ဆုတ်ပေးရန် တောင်းဆို ရာကနေ တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း၊ သဘောတူညီထားသည့် စာချုပ်အတိုင်း ဖြေရှင်းရန် တောင်ကြီး၊ မိုင်းဆတ်၊ တာချီလိတ်၊ ကျိုင်းတုံ စသည့် မြို့နယ် များတွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ထားကြောင်း ၎င်းက ဆိုသည်။
“အခု ကျနော်တို့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတော့ ပြည်သူလူထုကို ထိတွေ့ဆက်ဆံမှုတွေ ရှိတယ်၊ အဲဒါတွေကို သူတို့ မလို လားလို့ နေမှာပေါ့၊ ပြီးတော့ နယ်မြေလုတဲ့ သဘောလည်း ပါတယ်”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။
လတ်တလောတွင် ဦးအောင်မင်းထံ စာပေးပို့ခဲ့ပြီး တစုံတရာ အကြောင်း ပြန်ကြားချက် မရရှိသေးကြောင်း၊ သို့သော်အစိုးရတပ်များ နှင့် မေလ ၂၄ ရက်နေ့က စတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ အစိုးရဘက်မှ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်ကြီး စိုးဝင်းက တရားဝင် တောင်းပန်ခဲ့ကြောင်း သိရသည်။
မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA-S မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့် နောက်ဆုံးတွေ့ဆုံခဲ့သည်။
ယင်း ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ရာ သဘောတူညီချက် ၁၂ ချက် ရရှိထားပြီး အစိုးရဘက်မှ ဒု တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ SSA-S ဘက်မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ဘောင်ခေးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA-S အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA-S အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ အပါ အ၀င် ၁၂ ချက်ကို သဘောတူခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ်    ဧရာဝတီ 
>>>ဆက်ဖတ်ရန်>>> >>