အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, June 27, 2012

ရခိုင် ငြိမ်းချမ်းရေး အဖွဲ့များ နယ်ခြားစောင့် တပ်ဖွဲ့ရန် တောင်းဆို

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် အတွင်း နေရာချထားပေးထားသော ရခိုင်ငြိမ်းချမ်းရေး တပ်ဖွဲ့များ အနေဖြင့် သူတို့အား တခြား တိုင်းရင်းသား ငြိမ်းချမ်းရေး တပ်ဖွဲ့များ နည်းတူ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန် တောင်းဆိုလိုက်ကြောင်း သိရသည်။
မောင်တောမြို့တွင်ခိုလှုံနေရသည့် ဒုက္ခသည်တချို့အား အာဏာပိုင်များ လာရောက် အားပေးစဉ်
၂၀၀၁-ခုနှစ် လက်နက်ချသွားသည့် ရခိုင်ပြည်တပ်တော် (အေအေ)နှင့် ၁၉၉၇-ခုနှစ် လက်နက် ချသွားသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်)အဖွဲ့များမှ သူတို့အား နယ်ခြားစောင့်တပ် ဖွဲ့စည်းပေးရန် ရခိုင်ပြည် နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းအား တင်ပြ တောင်းဆိုထားကြောင်း သိရသည်။
“ ဒီနယ်စပ်မှာ ဆက်နေမယ်ဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေ မရှိရင် ဆက်လက် နေထိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း သူတို့တာဝန် ပီးဆုံရင် ပြန်ကြတော့မယ်။ အဲဒါဆိုရင် ကျွန်တော် တို့ရဲ့ လုံခြုံရေးကို ဘယ်သူက တာဝန် ယူမှာလဲ။ အဲဒီတော့ ကျွန်တော်တို့ကို လုံခြုံရေး ကျွန်တော်တို့ ယူ ရမယ်။ ဒါကြောင့် ကျွန်တော်တို့ကို တခြားတိုင်းရင်းသားဒေသတွေမှာလို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးပေးပါဆိုပြီး တောင်းဆို တင်ပြထားပါတယ်” ဟု အမည်မဖေါ် လိုသူ  ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် တစ်ဦးက ပြောသည်။
သို့သော်လည်း အဆိုပါ တင်ပြထားချက်နှင့် ပတ်သက်ပြီးး တစ်စုံတစ်ရာ အဖြေမရရှိသေးကြောင်း၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းခွင့်မရပါက လုံခြုံရေး အရ သူတို့ အနေဖြင့် မောင်တော ဒေသတွင် နေထိုင်ရန် မဖြစ်နိုင်ကြောင်း သူက ပြောသည်။
ဒေသခံ တိုင်းရင်းသားများမှလည်း  ရေရှည် သူတို့ဘ၀ လုံခြုံရေး အတွက် နယ်စပ်တလျှောက်တွင် ပြည်သူ့ စစ် အသွင် တပ်ဖွဲ့များ ဖွဲ့စည်းပေးရန် လိုလားနေကြပြီး နယ်မြေခံ တပ်ဖွဲ့များနှင့် ပူးပေါင်းကာ နယ်စပ်ကို ထိန်းသိမ်း စောင့်ရှောက်ရန် လိုလားနေကြသည်ဟု သိရှိရသည်။
ယခုကဲ့သို့ လိုလားနေကြောင်းကို ဇွန်လ ၂၅ ရက်နေ့က မောင်တောမြို့တွင် ပြု လုပ်သည့် အစည်း အဝေးတွင် ဒေသခံ လူကြီးများက မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးကို တင်ပြခဲ့ကြသည်ဟု ဆိုသည်။အဆိုပါ တင်ပြချက်အပေါ် ခရိုင် အုပ်ချုပ်ရေးမှူးက ယခုလို ပြန်လည် ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။
“ ခရိုင်မှူးပြောတာက ခင်ဗျာတို့ အိမ်ပြန်နေချင်လည်း နေကြပါ။ ကျွန်တော်တို့ကတော့ အတင်း မပြောင်းခိုင်း ပါဘူး။ ဒီမှာ တပ်ရင်းတွေလည်း လုံခြုံရေးချထားတယ်။ ဒီက လခြုံရေးတွေ ရုတ်သွားရင်လည်း ခင်ဗျာတို့ ရေရှည် လုံခြုံ ဖို့အတွက် ပြည်သူ့စစ်တပ်ဖွဲ့စည်းပေးဖို့ အထက်ကလူကြီးတွေလည်း စဉ်းစားနေ တယ်လို့ ပြောဆိုသွားပါတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရေး အဆိုကို မကြာမီ ကျင်းပတော့ လွှတ်တော်အစည်းအဝေးတွင်လည်း တင်ပြ ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း ရခိုင်လွှတ်တော် အမတ် တစ်ဦးက ပြောဆိုသည်။

သတင်းရင်းမြစ်   နေရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>

ဂွမြို့တွင် ဖမ်းမိ၍ သံတွဲသို့ ပို့ခံရသူ ဘင်္ဂလီများထဲတွင် လမ်းပြ ပသျှူးများလည်း ပါဝင်

ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့တွင် ဖမ်းဆီးခံရပြီး သံတွဲထောင်သို့ လွဲပြောင်းခံရသူ ဘင်္ဂလီလူမျိုး ၁၀၀ နီးပါး ထဲတွင် လမ်းပြ အဖြစ် လိုက်ပါလာသူ တနင်္သာရီတိုင်း ဘိတ်ဘက်မှ ပသျှူးများလည်း ပါဝင်သည်ဟု ဂွမြို့ခံ လူကြီး တစ်ဦးက ပြောသည်။


“ အခု သူတို့ကို မနေ့က ၂၅ ရက်နေ့မှာ ဂွကျွန်းကနေက ဂွမြို့ကို စက်လှေနဲ့ ယူလာတယ်။ ဂွကနေ တဆင့်  သံတွဲကို ကားတွေနဲ့ ပို့တယ်။ သူတို့အထဲမှာ ဘိတ်ဘက်က လမ်းပြ ပသျှူးတွေလည်း ပါတယ်လို့ သိရပါတယ်။ အခု တစ်ယောက်မှ ဂွမှာ မရှိတော့ဘူး။ သံတွဲကို အကုန်လုံး ယူသွားပြီ” ဟု အမည်မဖေါ်လိုသူ ဂွမြို့ တည်ငြိမ် အေးချမ်းရေး ကော်မီတီ အဖွဲ့ ၀င် တစ်ဦးက ပြောသည်။
သူတို့အား ဂွမြို့မှ ၇ မိုင်ခန့်ဝေးသည့် ဂွကျွန်းတွင် ဇွန်လ ၂၀ ရက်နေ့က ဖမ်းမိခဲ့သည်ဟု သူက ပြောသည်။
“ လာတာက ဘင်္ဂလာဒေခ်ျ့ကလို့ ပြောတယ်။ ဘင်္ဂလာဒေခ်ျ့ကနေ ဂွကျွန်းကို ကမ်းကပ်ဖို့ ၀င်လာစဉ်မှာ ရခိုင်ကုတို့ ကျေးရွာနားမှာ စက်လှေက ကျောက်ဆောင်နဲ့ တိုက်မိပြီး ဗိုက်ပေါက်သွားတယ်။ အဲဒီမှာ ရွာသားတွေက သိသွားပြီး အထက်ကို အကြောင်းကြားရာကနေ ဖမ်းမိတာ ဖြစ်ပါတယ်” ဟု ပြောသည်။
သူတို့မှာ တနင်္သာရီတိုင်း ဘိတ်မြို့သို့ သွားသူများ ဖြစ်သည်ဟု ပြောကြောင်း၊ ပသျှူးများက လမ်းပြ အဖြစ် ခေါ်ယူလာခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း အများစု ဒေသခံများက ယခုကဲ့သို့ ရခိုင်တွင် ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားစဉ်  သူတို့ ဂွကျွန်းကို ၀င်ရောက်လာသည့် အပေါ် သင်္ကာမကင်း ဖြစ်နေကြောင်း သူက ဆက်ပြောသည်။
သို့အတွက် လုံခြုံရေးကို တိုးမြင့်ရန် ဂွမြို့နယ် ဒေသခံများကလည်း လိုလားနေကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံ ဘင်္ဂလီ ၁၀၀ ကိစ္စနှင့် ပတ်သက်ပြီး သံတွဲ ရဲစခန်းသို့ မေးမြန်းရာ တစ်စုံ တစ်ရာ ဖြေကြားခြင်း  မရှိ ဘဲ ဖုန်းချသွားခဲ့သည်။

သတင်းရင်းမြစ်   နေရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>

မြေသိမ်းခံ လယ်သမားများ မရွှေ့ပြောင်း၍ တရားစွဲခံရ

 
နယူးဒေလီ (မဇ္ဈိမ) ။      ။ စီမံကိန်းနယ်မြေအတွင်း ကျရောက်၍ လယ်ယာမြေ အသိမ်းခံရသော်လည်း ဖယ်မပေးကြ သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွာသစ်ကျေးရွာရှိ လယ်သမား ၁၂ ဦးအား စည်ပင်သာယာ ဥပဒေဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

၎င်းတို့ပိုင် လယ်ယာများအား ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ သိမ်းယူမည် ဖြစ်သော် လည်း ပေးလျော် သည့် ငွေကြေးလည်း မကျေနပ်၍ လက်မခံ၊ နေရာလည်း ရွှေ့ပြောင်းမပေးကြ၍ ဇမ္ဗူသီရိ မြို့နယ်တရားရုံးတွင် စွဲဆိုခြင်းခံနေရကြောင်း တရားစွဲဆိုခံရသူ လယ်သမားတဦးဖြစ်သည့် ကိုဝင်းအောင် က ပြောသည်။

“ငွေပဲပေးတယ်။ တခြား ရွှေ့ပြောင်းစရာနေရာ မပေးပါဘူးခင်ဗျ။ သူတို့ပေးတဲ့ ငွေကို ကျနော်တို့က ဒီနေ့ ဒီအချိန်ထိ မယူသေးပါဘူးခင်ဗျ။ သူတို့ပေးတဲ့ ငွေနဲ့ ကျနော်တို့ မိသားစုတွေ အခြားတနေရာမှာ အခြေချဖို့ ဘယ်လိုမှကို မလုံလောက်ပါဘူးခင်ဗျ။ ကျနော်တို့ တောင်သူ ၁၂ ဦးက သူတို့ဆီက တပြားတချပ်မှ မယူ ထားပါဘူးခင်ဗျ။ လက်မှတ်လည်း ထိုးမထားပါဘူးခင်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

တဲများ ဖျက်ပေးရန်နှင့် လျော်ကြေးငွေ လာရောက် ထုတ်ယူရန် စည်ပင်သာယာရုံးမှ သုံးကြိမ် အကြောင်းကြားသော် လည်း ထို လယ်သမားများက သွားထုတ်ခြင်း မရှိသလို တဲများလည်း မဖျက်ကြောင်း သိရသည်။ ရွာသစ်ကျေးရွာမှ လယ်သမား ၉၄ ဦးအတွက် လျော်ကြေးအဖြစ် လယ်တဧကလျှင် နှစ်သိန်း၊ ယာတဧကလျှင် တသိန်းနှုန်း ပေးသော်လည်း ထိုအထဲမှ ၎င်းတို့ ၁၂ ဦးသည် ရွှေ့ပြောင်းနိုင်သည့်ငွေကြေး မရှိ၍ သမ္မတထံ အသနားခံမည်ဟု သူက ဆက်ပြောသည်။

“လျော်ကြေးရငွေနဲ့ မြေဝယ်ဖို့ကြည့်တာ၊ ဈေးနှုန်းကိုက ကျနော်တို့မိသားစု ရပ်တည်ဖို့ရာ ဘယ်လိုမှ မဖြစ်ပါဘူးဗျ။ ဒါကြောင့် ကျနော်တို့က အသနားခံပြီး တောင်သူတွေကို မြေတနေရာ ချထားပေး ဖို့ပြောပါမယ်။ အခြားရွှေ့ပြောင်းစရာနေရာချထားပေးရင် ကျနော်တို့က ရွှေ့ပြောင်းပေးမှာပါ။ အဲဒီကိစ္စ ကျနော်တို့ တောင်သူ ၁၂ ဦးကိုယ်တိုင် သမ္မတကြီး ဆီ အသနားခံစာ ဖြစ်ဖြစ်၊ သမ္မတကြီးဆီ မရောက်ရောက်အောင် သွားပြီးတော့ အသနားခံပါမယ်” ဟု ကိုဝင်းအောင် က ပြောသည်။

လယ်သမားများအနေဖြင့် ကာလပေါက်ဈေးအတိုင်း လျော်ကြေး ရရှိပါက ရွှေ့ပြောင်းပေးမည်ဟုလည်း သိရသည်။ စည်ပင်သာယာမှ စွဲဆိုထားသည့် အမှုကို လယ်သမားများသည် မေ ၃၁ ရက်မှ ဇွန်လ ၂၆ ရက်နေ့အထိ ရုံးချိန်း ၃ ကြိမ် ရင်ဆိုင်ခဲ့ရပြီး ဇွန် ၂၇ ရက်နေ့တွင် ထပ်မံချိန်းဆိုထားသည်။

သတင်းရင်းမြစ်    မဇ္ဈိမ     
>>>ဆက်ဖတ်ရန်>>> >>

ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု အစီအရင်ခံစာ ထုတ်ပြန်

Shan Drug Watch ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ကနေ ပြုစုထားတဲ့ Win - Win Solution သူနိုင်ကိုယ်နိုင် ဖြေရှင်း မည့် နည်းလမ်း ဆိုတဲ့ ၂၀၁၂ ခုနှစ် မူးယစ်ဆေးဝါး အစီရင်ခံစာ တစ်စောင် ဒီကနေ့ ထုတ်ပြန်လိုက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ပြုလုပ်ခဲ့ပါတယ်။

RFA

၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်၊ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချူပ် ဦးခွန်ဆိုင်းက ရှင်းလင်းပြောကြားနေစဉ်။
ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ထဲမှာ ရှမ်းပြည်နယ်အတွင်း စစ်တမ်းကောက်ယူခဲ့ပြီးနောက် ၁၉၉၀ ခုနှစ်က စစ်အစိုးရကနေ ၁၅ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး စီမံကိန်းချထားတာဟာ အောင်မြင်မှု မရှိပဲ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုး မှု မြင့်တက်လာနေပြီး ယာဘ စိတ်ကြွဆေးပြားတွေပါ အများအပြား ထုတ်လုပ်သုံးစွဲလာ တာ တွေ့နေ ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ရှမ်းပြည်နယ် မူးယစ်ဆေး ၀ါး စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်၊ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချူပ် ဦးခွန်ဆိုင်းက ဓာတ်ပုံတွေနဲ့တကွ ရှင်းလင်းခဲ့ပါတယ်။
“ပြီးခဲ့တဲ့နှစ်မှာ ပိုပြီးတော့မှ တိုးပြီးတော့မှ ထွက်လာတယ်ဆို တာ တွေ့ရတယ်၊ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာဆိုရင် အားလုံး ၅၅ မြို့နယ် ရှိတယ်။ ဒီ ၅၅ မြို့နယ်ထဲမှာ အစိုးရက ပစ်မှတ်ထား တာက ၃၉ မြို့နယ်ပဲ ရှိတယ်။ သို့သော်လည်းပဲ တကယ်တမ်း စိုက်တာက ၄၉ မြို့နယ်တောင် ရှိနေတယ်။ အဲတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ သူတို့ ၁၅ နှစ် စီမံကိန်း ထားထားတာဟာ ဒါဟာ မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ တဘက်ကလည်း သူတို့ ၁၅ နှစ်စီမံကိန်း အပြင်ဖက်မှာ ဘာရှိသေးလဲ ဆိုတော့ ဒီ ယာဘတို့ ATS တို့ ပြဿနာ တစ်ခုရှိတယ်။ ဒီ ယာဘ တို့ ATS တို့က လည်း အခု ပြီးခဲ့တဲ့ နှစ်တွေမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတယ်။ ဒီလိုမျိုး နိုင်ငံရေး အပြောင်း အလဲတွေ ဖြစ်လာတဲ့ အခါကြတော့ ပိုမိုထုတ်လုပ်မှုက ပိုများလာတာကို တွေ့ရတယ်”
ယာဘ စိတ်ကြွဆေးပြားတွေဟာ ထိုင်းနိုင်ငံက ရင်းနှီးမြုပ်နှံသူတွေက ထိုင်း မြန်မာနယ်စပ်မှာ ရှိတဲ့ ပြည်သူ့စစ် အဖွဲ့တွေ ထိန်းချုပ် နယ်မြေတွေမှာ ထုတ်လုပ်နေကြပြီး ပြီးခဲ့တဲ့နှစ်မှာ ယာဘ စိတ်ကြွဆေးပြား တစ်လုံးကို ကျပ် ၁၂၀၀ နဲ့ ၀ယ်ယူသုံးစွဲ တာ တွေ့ရပေမယ့် ယာဘဆေးပြားတွေ ပိုမို ထုတ်လုပ် လာတဲ့ အခြေအနေတွေကြောင့် လွန်ခဲ့တဲ့လအတွင်းမှာ နမ့်ခမ်းမြို့နယ်ထဲက မိန်းဝင်းကျေးရွာ အုပ်စုမှာ ကျပ် ၅၀၀ လောက်နဲ့ပဲ အလွယ်တကူ ၀ယ်ယူသုံးစွဲလို့ ရလာတဲ့ အခြေအနေ အထိ ဖြစ် လာနေကြောင်း ထောက်ပြ ပြောဆိုသွားပါတယ်။
ရှမ်းပြည်နယ်ထဲမှာ ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာတာဟာ လည်း ဒေသတွင်း တည်ငြိမ်မှုမရှိပဲ စစ်ပွဲတွေ ဖြစ်ပွားနေ တာကြောင့် ဒေသခံပြည်သူတွေ စီးပွားရေး ကျပ်တည်းလာရပြီး အချိန်မကြာဘဲ လအနည်း ငယ်အတွင်းမှာ အလွယ်တကူငွေရရှိတဲ့ ဘိန်းစိုက်ပျိုးမှုတွေ လုပ်ကိုင်လာကြတာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။
လက်ရှိအစိုးရသစ်အနေနဲ့ ဘိန်းစိုက်ပျိုးမှုတွေ လုံးဝပပျောက် သွားအောင် လက်နက်ကိုင် တစ်ဘက်နဲ့ တစ်ဘက် ရန်သူလို သဘောမထားကြဘဲ နိုင်ငံရေးဖြေရှင်းမှုတွေ အမြန်းဆုံးလုပ်ဆောင်ပြီး မူးယစ်ဆေးဝါး ပပျောက်ရေးကို ပထမ ဦးစားပေး အနေနဲ့ လုပ်ဆောင်သင့်တယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။
"ဇာစ်မြစ်ကို သွားရှာလိုက်လို့ရှိရင် နိုင်ငံရေးကိုပဲ ကျွန်တော်တို့တွေ့ရမှာပေါ့နော်။ ကျွန်တော်တို့ဆီမှာ ဒီ နိုင်ငံရေး သဘောတူညီချက် မရှိဘူး၊ ဒီ နိုင်ငံရေး သဘောတူညီချက် မရှိတာကို ဒီမိုကရေစီနိုင်ငံတွေမှာ ဆိုလို့ရှိရင်တော့ သူတို့က ဒါ လူ့အခွင့်အရေးပဲ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာ ဒါဟာ ဘာမှ ပြဿနာမဟုတ်ဘူးလို့ မြင်တယ်။ သို့သော်လည်း ကျွန်တော်တို့ တိုင်းပြည် မှာကြတော့ အမြင်မတူရင် ရန်သူဆိုတဲ့ အမြင်က ရှိနေတဲ့ အခါကြတော့ အဲ့ဒါ အမြင်နဲ့ သူတို့ရဲ့နိုင်ငံရေး ရန်သူတွေကို သူတို့တိုက်ဖျက်ဖို့ ဒါကို ပိုပြီးတော့ အလေးထား လာတယ်။ ဒီလိုမျိုး အလေးထားလာတဲ့ အခါကြတော့ မူးယစ်ဆေးဝါးက သူတို့က အရင်ဦးစားပေး ပြဿနာ မဟုတ်တော့ဘူး။ တတိယ၊ စတုတ္ထ ဦးစားပေးလောက် ပဲ ဖြစ်နေတယ်။ အဲဒါကြောင့် မို့လို့ အခုထိ မဖြေရှင်းနိုင်ဘူး ဖြစ်78w|O]g-align: justify;"> ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ ရေးသားခဲ့တဲ့ ဦးခွန်ဆိုင်းဟာ ရှမ်းပြည်နယ်အတွင်းက မူးယစ်ဆေးဝါးအရေးကို နှစ်ပေါင်း ၃၀ ကျော် လေ့လာမှတ်တမ်း ပြုစုခဲ့သူ တစ်ဦးဖြစ်ပြီး နှစ်စဉ် စစ်တမ်းကောက်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်း သတင်းတက်ရောက်ယူခဲ့တဲ့ အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့် သတင်းပေး ပို့ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

အသံဖိုင် နားဆင်ရန်


>>>ဆက်ဖတ်ရန်>>> >>

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၀န်းကျင်မှ ပြန်လည်ကျဆင်းလာ၊ အနိမ့်ပိုင်းရပ်ကွက်များ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ဒေသခံများ ဆက်လက်ခိုလှုံ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ် ရေမှတ်ဝန်းကျင်မှ ပြန်လည် ကျဆင်း လာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
“အခု ရေပြန်ကျနေပါပြီ။ စိုးရိမ်ရေမှတ်ရောက်ဖို့ စိုးရိမ်စရာ အခြေအနေ မရှိတော့ပါဘူး”ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၂ ခု နှစ် ဇွန်လ ၂၆ ရက်နေ့ ည ၉နာရီ ၀န်းကျင် တွင် ပြောကြားခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဧရာဝတီ မြစ်ရေသည် ဇွန်လ ၂၅ ရက်နေ့တွင် စိုးရိမ်ရေမှတ် ၀န်းကျင်သို့ စတင်ရောက် ရှိခဲ့သည်။ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန် တွင် တိုင်းထွာချက်များအရ ၁၁၆၆ စင် တီမီတာသို့ ရောက်ရှိခဲ့သည်။ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၃၄ စင်တီမီ တာ(တစ်ပေကျော်ခန့်)သာ လိုတော့ သည့် အနေအထားသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“မနေ့ကတည်းက အနိမ့်ပိုင်း ရပ်ကွက်တွေ ရေ၀င်ထားတော့ နီးစပ်ရာရွှေ့ကြပြောင်းကြတယ်။ ဒီနေ့ တော့  ရေဘေး ကယ်ဆယ်ရေး စခန်းတွေ ဖွင့်လာတယ်။ ကျောင်းတွေမှာပေါ့။ ကျွန်တော်တို့ ရပ်ကွက် မှာ တော့အ.ထ.က(၅)မှာ ဖွင့်ထားတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ စေတနာရှင်တွေက ထမင်းထုပ်ဝေ တာတွေ လုပ်ကြတယ်။ ရေက တန့်နေပြီ။ ပြန်ကျပြီ။ ဒါပေမယ့် တစ်ရက်၊ နှစ်ရက်လောက်တော့ ကယ်ဆယ်ရေး စခန်းတွေ မှာ နေကြရဦးမယ်ထင်တယ်”ဟု မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှ လူငယ် တစ်ဦး က ဇွန်လ ၂၆ ရက်နေ့ ည ၈ နာရီခွဲခန့်က ပြောပြ သည်။

မြစ်ကြီးနားမြို့တွင် ဧရာဝတီ မြစ်ရေကြီးမှုကြောင့် ရေ၀င်နစ်မြုပ်ခြင်းကို မြို့သစ်ကြီး၊ အေးစေတီ၊ အလယ်ကုန်း၊ ကျွန်းပင်သာ၊ အောင်နန်း၊ ရမ်ပူ၊ ရှမ်းရွာ၊ ဇီးလွန် စသည့် ရပ်ကွက်များ တွင် တွေ့ကြုံနေ ရခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဧရာဝတီမြစ်တွင် မြစ်ကြီးနား၊ ဗန်းမော်အပါဝင် မြို့နယ်အချို့တွင် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သော ရေကြီးမှုကို ၂၀၀၄ ခုနှစ်က ကြုံတွေ့ခဲ့ ရသည်။



သတင်းရင်းမြစ်    Eleven Media Group 
>>>ဆက်ဖတ်ရန်>>> >>

မြန်မာဘက်ပို့မယ့် လက်နက်မျိုးစုံ ထိုင်းရဲဖမ်းမိ


မြန်မာနိုင်ငံဘက်ခြမ်းကို တင်ပို့ရောင်းချမယ်လို့ ယူဆရတဲ့ ထိုင်းဘတ်ငွေ (၅) သန်းခန့် တန်ဖိုးရှိတဲ့ လက်နက်မျိုးစုံ (၄၇) လက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ (၂၅) ရက်နေ့ ညနေပိုင်းက ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေဆီက သတင်းရရှိပါတယ်။

RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဖမ်းဆီးရမိသည့် လက်နက် မျိုးစုံ (၄၇) လက်ကို ထိုင်းအာဏာပိုင်များက ပြသနေစဉ်။
အဲဒီ လက်နက်တွေဟာ ရွှေတြိဂံနယ်မြေက လာတာဖြစ်ပြီး ထိုင်းလက်နက် ရောင်းဝယ်သူတွေဆီက တဆင့် မြန်မာနိုင်ငံ တာချီလိတ်ဘက်ကို ရောင်းချမယ်လို့ ယူဆရကြောင်း ထိုင်းရဲက ပြောပါတယ်။
RPG လောင်ချာ ၁၂ လက်နဲ့ ဗုံးသီး ၉ လုံး၊ AK 47 မောင်းပြန်ရိုင်ဖယ် ၁၇ လက်၊ M 79 လောင်ချာ ၁၂ လက်နဲ့ M 16 မောင်းပြန်ရိုင်ဖယ် ၆ လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
အခုလို ဖမ်းဆီးရမိခဲ့တာဟာ လက်နက်ရောင်းဝယ်သူ တချို့ဆီက ရရှိတဲ့သတင်းအရ နယ်မြေခံစစ်တပ် အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စောင့်ကြည့်နေခဲ့ တာဖြစ်ပြီး မယ်ဆိုင်မြို့ ပုံဖာရပ်ကွက်အတွင်း မသင်္ကာဖွယ် နေအိမ်တစ်အိမ်ကို ၀င်ရောက် စစ်ဆေးခဲ့ရာက အသက် ၄၈ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးနဲ့ အတူ လက်နက်တွေ ဖမ်းဆီးရမိခဲ့တာ ဖြစ် တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားရဲ့ ထွက်ဆိုချက်အရ ထိုင်း မြန်မာနယ်စပ်အနီးက ပြောင်းဖူးစိုက်ခင်းဆီကို သယ်ယူ ပို့ဆောင်ပေးဖို့အတွက် သူ့ရဲ့နေအိမ်မှာ ခေတ္တသိမ်းဆည်းထားတာဖြစ်ပြီး သယ်ပို့ခအဖြစ် တစ်ခေါက်ကို ထိုင်းဘတ်ငွေ တစ်သောင်း ရရှိကြောင်း၊ အရင်ကလည်း တစ်ခေါက်သယ်ပို့ ပေးခဲ့ဖူးကြောင်း ထွက်ဆိုခဲ့တဲ့အတွက် ဥပဒေအရ အရေးယူထားတယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြော ဆိုပါတယ်။
တဆက်တည်းမှာပဲ တာချီလိတ်နဲ့ မယ်ဆိုင်ကြားက မယ်ဆိုင်ချောင်းအနီးမှာ မြန်မာနိုင်ငံဘက်က ကူးဖြတ်လာသူ တစ်ဦးကို ထိုင်း အမှတ် (၃) မြင်းတပ်က တားဆီးစစ်ဆေးခဲ့ရာမှာ ဟီးရိုးအင်း ဘိန်းဖြူ (၃) ကီလိုကျော်ပါတဲ့ အိတ်ကိုသာ ဖမ်းဆီးရမိပြီး သယ်ဆောင်လာသူကတော့ ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်လို့ ထိုင်း စစ်တပ်အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ယူနန်ပြည်နယ်မှာ ခိုလှုံနေတဲ့ ကချင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်နေ

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည် တစ်သောင်းလောက် ဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ချို့တဲ့နေတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ကချင်စစ်ပြေးဒုက္ခသည်များ၏ အခြေအနေ အစီအရင်ခံစာ ထုတ်ပြန်ပွဲတွင် HRW အဖွဲ့ အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ရှင်းလင်း ပြောဆိုနေစဉ်။

ကချင်ဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပေးဖို့နဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးတာကို လက်ခံပေးဖို့ တရုတ်အစိုးရကိုလည်း HRW အဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အစီအရင်ခံစာ ထုတ်ပြန်တဲ့ ပွဲမှာ HRW အဖွဲ့ရဲ့ အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က-
"ကျွန်တော်တို့ မေးမြန်းစုံးစမ်းချက်အရ ဒုက္ခသည်တွေဟာ အကူအညီ အရေးပေါ် လိုအပ်နေပါတယ်။ ကချင်ဒုက္ခသည်တွေ ယူနန်ပြည်နယ်ထဲ စတင်ဝင်ရောက်ခဲ့တဲ့ အချိန် ၂၀၁၁ ခုနှစ် ဇွန်လကတည်းက တရုတ်အစိုးရထံက လူသားချင်းစာနာတဲ့ အကူအညီ လုံးဝမရခဲ့ပါဘူး။ ဒါတင်မကပဲ တရုတ်အစိုးရဟာ ကုလသမဂ္ဂအဖွဲ့တွေ သွားရောက် အကူအညီပေးတာကိုလည်း ခွင့်မပြုပါဘူး။ တကယ်တော့ တရုတ်အစိုးရဟာ ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်ကို လက်မှတ်ရေး ထိုးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကချင်စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးဖို့၊ အကာအကွယ်ပေး ဖို့၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ယူနန်ပြည်နယ်အတွင်းမှာ ခိုလှုံနေကြတဲ့ ကချင်ဒုက္ခသည်တွေဟာ သောက်သုံးရေ လုံလောက်အောင် မရရှိ တာ၊ နေရာထိုင်ခင်း မလုံလောက်တာအပြင် ဆေးဝါးနဲ့ သန့်ရှင်းမှု မရှိတာတွေကြောင့် အခက် အခဲ ဖြစ်နေကြောင်း ပြော ထားပါတယ်။ဒါ့အပြင် ဒုက္ခသည်ကလေးငယ်တွေဟာ လပေါင်းများစွာ ယူနန်ပြည်နယ်ထဲမှာ နေထိုင်ရတာကြောင့် ကျောင်းတက်ခွင့်လည်း မရှိတော့သလို၊ လူကြီးတွေ အနေနဲ့ နေ့စား အလုပ်သမားတွေအဖြစ် အလုပ်အကိုင်ရှာဖွေကြရာမှာလည်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ရ တယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေကို ယူနန်ပြည်နယ်အတွင်းမှာရှိတဲ့ ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတွေနဲ့ တခြား လူမှုရေးအဖွဲ့ငယ်တွေက ကူညီနေကြပေမယ့် အဲဒီအဖွဲ့တွေမှာလည်း ရန်ပုံငွေ မရှိတာကြောင့် လုံလောက်အောင် ထောက်ပံ့မပေးနိုင်ဘူးလို့ သိရပါတယ်။
ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းမှာ ထွက်ပြေးပုန်းရှောင်နေကြရတဲ့ ကချင်စစ်ပြေး ဒုက္ခသည် ၇ သောင်း ၅ ထောင်လောက်ရှိမယ်လို့ HRW က ခန့်မှန်းထားပါတယ်။

သတင်းရင်းမြစ်    RFA              
>>>ဆက်ဖတ်ရန်>>> >>