အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, May 30, 2012

ပစ်ခတ်မှုကြောင့် မူဆယ်-လားရှိုး သွားလာမှုရပ်ဆိုင်း



တရုတ်-မြန်မာ ကုန်သွယ်မှုအဓိကလမ်းကြောင်းဖြစ်သည့် လားရှိုး-ကွတ်ခိုင်-မူဆယ်လမ်းပိုင်းတွင် KIA တပ်ဖွဲ့မှ ကုန်ကားများနှင့် လူစီးယာဉ်များသည် ပစ်ခတ်မှုများရှိနေသဖြင့်  မေလ(၂၈)ရက်နေ့ကစတင်၍ ကုန်သွယ်သွားလာမှုများ ရပ်ဆိုင်းထားရကြောင်း အဝေးပြေးကားလိုင်းများက ပြောသည်။

“ကွတ်ခိုင်ဘက်မှ တက်လာတဲ့ကုန်ကားတွေ Express ကားတွေနဲ့ ဆိုင်ကယ်တွေကို ပစ်ခတ်နေတဲ့အတွက် သွားလာတာ မရှိတော့ပါဘူး ”ဟု မူဆယ်-မန္တလေး အဝေးပြေး ကားဂိတ်ပိုင်ရှင်တစ်ဦးကပြောသည်။

အဆိုပါပစ်ခတ်မှုများမတိုင်မီ ရက်ပိုင်းအတွင်းက KIA တပ်မဟာ(၄)မှ ဗိုလ်ကြီးအဆင့်ရှိသူဆိုသူက မူဆယ်မှ ကားဂိတ်များအား မေလ(၂၈)ရက်နေ့မှစတင်၍ အဆင်းအတက်မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပစ်ခတ် သွားမည်ဟု ဖုန်းဖြင့်ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း မူဆယ်မြို့ရှိ ကားဂိတ်ပိုင်ရှင် များက ပြောသည်။

“၂၈ ရက်နေ့ကနေစပြီး ဖြတ်တာနဲ့ပစ်မှာဆိုပြီး တရုတ်ဖုန်းနဲ့ ဂိတ်အားလုံးကို အကြောင်းကြားခဲ့တယ်”ဟု အမည်မဖော်လိုသူ မူဆယ်မြို့မှ ကားဂိတ်ပိုင်ရှင်တစ်ဦးကပြောသည်။

ယင်းကဲ့သို့ KIA မှ ကားဂိတ်များအား အကြောင်းကြား ပြောဆိုမှုရှိခဲ့သော်လည်း မန္တလေးမြို့မှ ခရီးသွားလုပ်ငန်း ယာဉ်ငယ်အချို့သည် စမ်းသပ်သွားလာခဲ့ရာ ကွတ်ခိုင်မြို့အထွက်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြုံတွေ့ ခဲ့ရ၍ မန္တလေးသို့ ပြန်လည့်လာခဲ့ရကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ခရီးသွားများထံမှသိရသည်။

“ပစ်မယ်ဆိုတာသိပေမဲ့ ၀မ်းရေးအတွက် ဒီအလုပ်ပဲရှိလို့ စမ်းပြီးတော့သွားတာ တကယ်ပစ်ခံရတယ်။ ကားနဲ့လူကိုတော့ မထိပါဘူး။ ထိအောင်မပစ်တာလည်း ဖြစ်နိုင်ပါတယ်”ဟု ယာဉ်ငယ် ခရီးသွားလုပ်ငန်းပိုင်ရှင် တစ်ဦးကပြောသည်။

အဆိုပါပစ်ခတ်မှုများကြောင့် ကုန်စည်သွားလာရပ်ဆိုင်းမှုသည် ကာလမည်မျှကြာမြင့်မည်ကို မခန့်မှန်းနိုင်သေးပဲ မူဆယ်မြို့ရှိကားဂိတ်ပိုင်ရှင်များအား KIA မှ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခြင်းလည်း မရှိကြောင်း သိရသည်။

“မြစ်ကြီးနားလမ်းပိုင်းကလည်း ပိတ်နေတော့ တရုတ်နဲ့ကုန်သွယ်ဖို့ မူဆယ်လမ်းပိုင်းတစ်ခုတည်းကို အားကိုး နေရတယ်။ ဒီလမ်းပိုင်းပိတ်သွားတာ ကုန်သည်တွေ၊ အလုပ်သမားတွေ၊ ကားသမားတွေ အခက်အခဲကြုံရမှာ” ဟု မန္တလေးမြို့မှ အဝေးပြေးဂိတ်ပိုင်ရှင်တစ်ဥိးကပြောသည်။

လက်ရှိကာလတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုသည် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်များအား အဓိက အားထားနေရသည်ဖြစ်ရာ ပစ်ခတ်မှု များပြားပြီး ကုန်စည်သွားလာပိတ်ဆို့မှုများ လနှင့်ချီ၍ ကြာမြင့်ပါက ပြည်တွင်းဈေးကွက်၌ တရုတ်ကုန်ဈေးနှုန်းများ တက်လာနိုင်ဖွယ်ရှိကြောင်း မန္တလေးမြို့ခံ ကုန်သည် အသိုင်းအ၀ိုင်းများက သုံးသပ်ကြသည်။

“လမ်းပိတ်တာကြာလို့ ကုန်စည်အ၀င်အထွက်မရှိရင် ဈေးကွက်သဘာဝအရ ဈေးတက်မှာထုံးစံပဲလေ”ဟု မူဆယ်မြို့ခံ ကုန်သည်တစ်ဦးကပြောသည်။

KIA တပ်မဟာ (၄)သည် ယခင်က ကွတ်ခိုင်နယ်တစ်ဝိုက်တွင် အခြေစိုက်ကျက်စားခဲ့ပြီး မြန်မာပြည်ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)လက်ထက်တွင် တပ်မတော်မှ အဆိုပါဒေသသို့ အလုံးအရင်းထိုးစစ်ဆင်ခဲ့ကာ  ယင်းဒေသ ဆယ်စုနှစ်တခုကျော် အေးချမ်းခဲ့သည့် နယ်မြေဖြစ်သည်။      ။


သတင်းရင်းမြစ်    Yangon Press International (YPI)
>>>ဆက်ဖတ်ရန်>>> >>

မြေမြှုပ်မိုင်းရှင်းလင်းရေး နော်ဝေကူညီမည်




နော်ဝေနိုင်ငံအနေဖြင့် မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် နည်းပညာနှင့် အထောက်အပံ့များ ကူညီသွားမည် ဖြစ်သည်ဟု နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး  Mr.Torgeir Larsen က  မေ ၂၈ ရက်က ကျောက်ကြီးမြို့နယ်တွင်  ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံအနေဖြင့် အမြန်ဆုံးဖော်ဆောင်နိုင်သည့် ကိစ္စများ၊ ဥပမာအားဖြင့် မြေမြုတ်မိုင်းရှင်းလင်းရေးတွေမှာ ကူညီသွားမှာဖြစ်ပြီး ရွှေ့ပြောင်းဒုက္ခသည်များ(IDP - Internally Displace People)နေရပ်ပြန်လာသည့် အခါ တွင်လည်း ဘ၀ရပ်တည်နိုင်ရေးအတွက် လိုအပ်သော ပစ္စည်းကိရိယာများ နည်းပညာအရင်းအမြစ်များကို ထောက်ပံပေးသွားမည် ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ဒေါ်လာငါးသန်းကူညီသွားမည်ဖြစ်ပြီး ထပ်မံကူညီရန်ရှိကြောင်း၊ နော်ဝေနိုင်ငံသည် အတွေ့အကြုံများရှိခဲ့ခြင်းကြောင့် အခြား ထောက်ပံကူညီမည့် နိုင်ငံများနှင့်လည်းပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်ဟု မစ္စတာလာဆန် ကပြောကြားခဲ့သည်။

ပြည်တွင်းငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က “Peace process (ငြိမ်းချမ်းရေးလမ်းစဉ်) မှာ အပစ်အခတ် ရပ်ဆဲရေးလုပ်မယ် ၊ပြီးတော့ ဒီဘက်တွေ မှာ  မိုင်းရှင်းမယ် ” ဟုပြောသည်။

ပြီးခဲ့သည့် ၆၄ နှစ်တာကာလအတွင်း KNU နှင့် မြန်မာစစ်တပ်တို့ နှစ်ဦးနှစ်ဖက်ထောင်ထားသော မြေမြှုပ်မိုင်းပေါင်းများစွာရှိနေကြောင်း ကျောက်ကြီးမြို့နယ် KNU စည်းရုံးရေးတာဝန်ခံဗိုလ်ကြီးဂျိုးဂျိုးကပြောသည်။

“နှစ်ဖက်စလုံးမိုင်းတွေထောင်ကြတာဘဲ၊ ကျွန်တော်တို့မိုင်းတွေက လက်လုပ်တွေဆိုတော့ တစ်နှစ်၊ နှစ်နှစ်လောက်အတွင်းပျက်စီးသွားတတ်တယ်။ သွားရဲရင် တစ်နှစ်လောက်ဆို သွားလို့ရတယ်။ ဟိုဘက်ကထောင်တာပလပ်စတစ်မိုင်းတွေ အော်ရီဂျင်နယ်ဆိုတော့ နှစ်အကြာကြီးခံတယ်”ဟုဗိုလ်ကြီးဂျိုးဂျိုးကဆိုသည်။

International Campaign to Ban Land Mines(ICBL) ၏စာရင်းများအရ ကမ္ဘာပေါ်တွင်  ကိုလံဘီယာနှင့် အာဖဂန်နစ်စတန်ပြီးလျှင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် တတိယ နေရာတွင် ရှိသည်။

ပြီးခဲ့သည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂၄၀၀ ကျော် ထိခိုက်ဒါဏ်ရာရခဲ့သည်ဟု ICBL ၏ အစီရင်ခံစာများတွင်ဖော်ပြသည်။          ။


သတင်းရင်းမြစ်    Yangon Press International (YPI)
>>>ဆက်ဖတ်ရန်>>> >>

မူပြောင်းပေမယ့် လူမပြောင်းတဲ့ အကြောင်းတရား


 

ခေတ်မှီတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီသို့...................



နိုင်ငံတော်သမ္မတကြီးရှင့်...

ခေတ်မှီတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်သစ်ကြီှးဆီသို့အမှန်တကယ်လျှောက်လှမ်းတော့မယ်ဆိုရင်...
ပိုးထိုးချစားအကျင့်ပျက်နေတဲ့ဝန်ထမ်းများကိုအရင်ဆုံးစုံစမ်းမှုတွေလုပ်ဖို့တော့များများလိုမယ်ထင်ပါတယ်ရှင်။

ယခင်အရှေ့မြှောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ယခု ပြည်ထောင်စုလယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင် လက်ထက်တွင် မှုဆယ်မြို့နယ် ပြည်သူ့ဆေးရုံ နေရာအဖြစ် သတ် မှတ်ပေးထားခဲ့သော မြို့ကွက် သစ် မြေနေရာအား တစ်မိုင်ကျော်ခန့်သာရှိတဲ့မြို့ပတ်လမ်းတည်ဆောက်ရေး သိန်းသန်းချီကုမ္မဏီ မန်းနေဂျင်း ဒါရိုက်တာ ဦးကျော်ဝင်းနှင့် နောက်ကွယ်တွင် ပါဝင်ပတ်သက်နေ သူမူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်းတို့မှ ပူးပေါင်းကြံစည်ပြီး ကုမ္မဏီရုံးခန်း မြေနေရာအဖြစ် ရှမ်းပြည်နယ်အစိုးရတွင် တင်လျှောက်သဖြင့် ပြည်နယ် အစိုးရမှ ထိုမြေ နေရာအား သိန်းသန်းချီ ကုမ္မဏီအား ချပေးလိုက်ကြောင်းသိရှိရပါသည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးကတော့ မြေရာဇ၀င် အမှန်ကို တကယ်မသိလို့ မြေပေးမိန့် ချပေးတယ်လို့
ထင်ရပေမယ့် ဒေသအာဏာပိုင်နှင့် မြေစာရင်းဌာနမှ သိကြီးနဲ့ မသိသလို လုပ်ထောက်ခံမှုတွေ ပေးပြီး အများပြည်သူပိုင် မြေနေရာတွေကို ပေါင်းပြီး ရောင်းစားနေကြသောကြောင့် ဒီနေ့ဒီအချိန်ထိ ကြိုးနီစနစ် ၀န်ထမ်းတွေ ရှိနေကြသေးတယ်ဆိုတာထင်ရှားနေပါသေးတယ်။

ထိုမြေနေရာနှင့်ကပ်လျှက်ရှိသောယခင်ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးဦးခင်ညွန့်ပိုင်မြေအားလည်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်းမှအကွက်ချပြီး (၆၀x၈၀) ပေတစ်ကွက်ကို ကျပ်သိန်း(၅၀၀)နဲ့ မြေပွဲစား
လင်မယားကို တိတ်တစိတ် လက်သိပ်ရောင်းချခိုင်းခဲ့ကြောင်းသိရှိရပါတယ်ရှင်.........


မူဆယ်မြို့တွင်ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရောက်ရှိစဉ်တွင် လှူဒါန်း တည်ဆောက်ခွင့်ပြုခဲ့သော မူဆယ် ပြည်သူ့ ဆေးရုံရှေ့ဈေးရပ်ကွက်တွင် ရှိသော (အ.ထ.က- ခွဲ)ကျောင်းအား ကျပ်သိန်း (၄၀၀၀) ကျော် ဖြင့် တည်ဆောက်မည့် တည်ဆောက်ရေး လုပ်ငန်းတွင် ဗိသုကာမလေး ကန်ထရိုက် အင်ဂျင်နီရာမလေး နန်းကြည်အေးကို အမည်ခံ ခိုင်းစေခဲ့ပြီး နောက်ကွယ်တွင်လည်း ပါဝင်ပတ်သတ်နေကြောင်း လည်း သိရှိရပါတယ်ရှင်....


ထို့အပြင် မူဆယ်မြို့နှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံနယ်စပ်ရှိ မြန်မာပိုင် ဆင်ဖြူဈေးအတွင်းတွင် ဖွင့်လှစ် ထားသော လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဖိုင်ကြူး၊ မာကျန်ဝိုင်းတွေ ဖွင့်ထားတဲ့ လောင်းကစား ဒိုင်တွေရဲ့ဆက်သပေးနေတဲ့လိုင်းကြေးကိုလည်း လက်ခံယူပြီး အများပြည်သူ ဒုက္ခရောက်စေမည့် လုပ်ငန်းများ ကို မသိကျိုးကျွံနေထိုင်နေသလို မသာမာသောနည်းလမ်းဖြင့် နည်းမျိုးစုံစီးပွားရှာနေသော လုပ်ငန်းရှင်တွေ ရဲ့ဆက်သနေတဲ့ငွေ လက်ခံယူနေတာ အားမရတဲ့ အပြင် နှစ်စဉ်နှစ်တိုင်း စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ တရားဝင်တဲ့နည်းနဲ့မွေးနေ့ဗန်းပြလုပ်ပြီး ငွေတောင်းခံနေတာကို နိုင်ငံတော်သမ္မတကြီး သိရှိအောင် အနည်းငယ် တင်ပြခြင်းဖြစ်ပါတယ်ရှင်.....

ဒါကြောင့် မူပြောင်းပေမယ့် လူမပြောင်းတဲ့အကြောင်း တရားတွေကို ပြည်သူလူထုက လက်မခံနိုင်ရခြင်းဟာ ဒီလိုအကျင့်ပျက် တာဝန်ရှိ ၀န်ထမ်းတွေကြောင့်ပါလို့ပြောပါရစေရှင်.........




သတင်းရင်းမြစ်    ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>

ကချင်ပြည်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဘာကြောင့် ဒီလောက် ခက်ခဲနေကြပါသလဲ


မနေ့တုန်းက ကျမတို့ မြစ်မခရဲ့ ကချင်ပြည် နယ်သတင်းထောက်ဆီက ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အကြောင်း၊ ဖားကန့်ထိ ဖြစ်လာနေကြောင်း၊ ကချင်ပြည်သူ ဒုက္ခသည်တွေကလည်း တနေ့ထက်တနေ့ပိုများလာကြောင်း၊ ဒုက္ခသည် စခန်းတွေမှာလည်း လိုအပ်ချက်တွေနဲ့ ပြည့်နေကြောင်း သတင်းတွေ အစုလိုက်အပြုံလိုက် တက်လာခဲ့ပါ တယ်။
တာဝန်ခံအယ်ဒီတာ ကျမရဲ့မောင်လေး အေးချမ်းဟိန်ကတော့ မျက်နှာပျက်ပျက်နဲ့ပဲ အဲဒီသတင်းတွေကို တည်းဖြတ်ပြီး သတင်းတင်တယ်။
ကျမကတော့ သတင်းတွေကို ဖတ်ပြီး စိတ်ထိခိုက်ခြင်းနဲ့အတူ မကျေနပ်ခြင်း၊ ဒေါသဖြစ်ခြင်း စတဲ့ ခံစားချက်တွေနဲ့ ရင်ထဲ မှာ တနင့်တပိုးကြီး ခံစားနေရပါတယ်။ မကျေနပ်ခြင်းတွေနဲ့ တနေကုန် ရင်ပြည့်နေတယ်။
ရပ်တန့်သင့်ပြီ ဖြစ်တဲ့ ကချင်ပြည်နယ် တိုက်ပွဲတွေ ဘာကြောင့်မရပ်တန့်ရပါသလဲ။ ဘာကြောင့်ခုချိန်ထိ မရပ်တန့်ရပါသ လဲ ဆိုတဲ့မေးခွန်းကို လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ကျမတွေးခဲ့မိတယ်။
ကျမ စိတ်ထဲ စဉ်းစားတိုင်း ရင်ထဲမှာ ခံစားရပါတယ်။ အထူးသဖြင့် ကချင်ဒုက္ခသည် စခန်းက ကလေးတွေရဲ့ ဓါတ်ပုံတွေ ဟာ၊ အမျိုးသမီးကြီးငယ်တွေနဲ့ အခြေအနေမဲ့ကုန်တဲ့ ဘ၀တွေ၊ ဒီလိုသာဆိုရင် ကချင်တမျိုးသားလုံး ပျောက်ရချည်ရဲ့ လို့လဲ တွေးမိပါတယ်။
ဒုက္ခသည်စခန်းရောက်နေတဲ့ ကချင်ပြည်သူတွေရဲ့ ထူထောင်ရေးကာလဟာ ဘယ်လောက်ကြာမလဲ၊ သေချာတာက တော့ ၄ နှစ် ၅ နှစ်နဲ့ သူတို့ ဘ၀တွေ နလံမထူတော့တာပါပဲ။ ကချင်အမျိုးသားတွေ ကချင်လူငယ်တွေ ပညာသင်ဖို့ နောက်ကျပြီ၊ ခုလို တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားတွေရဲ့ သောကတွေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ ကလည်း …။
ဒီလို ဘ၀တွေ မြင်နေရတော့ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ကြသလဲဆိုတဲ့ မေးခွန်းက ပေါ်လာပါတယ်။ ပြီးတော့ ငြိမ်းချမ်း ရေး လက်မှတ်ထိုးပွဲတွေရှိပေမယ့် ဘာကြောင့် မရပ်တန့်ကြသေးသလဲ။
နိုင်ငံခြားရောက်နေတဲ့ ကျမသူငယ်ချင်း ကချင်တိုင်းရင်းသူတဦးက ပြောတယ်။ စီးပွားဖြစ် တိုက်ပွဲဆိုတာ ကြားဖူးသလား တဲ့။
ဟင့်အင်း ကျမ မကြားဘူးပါဘူးဆိုတော့ သူမက ဆက်ပြောပါတယ်။ တိုက်ပွဲဖြစ်ရင် စီးပွားဖြစ်တယ်တဲ့။ တိုက်ပွဲတွေက business လုပ်တာပဲ။ တိုက်မယ်ဆိုရင် ဒေါ်လာဘယ်လောက်ဆိုပြီး ပိုက်ဆံရတယ်တဲ့။ အဲဒီစကားကြားရတော့ ကျမ ရှော့ဖြစ်သွားတယ်၊ အသက်တွေနဲ့ ရင်းပြီးတော့တောင် စီးပွားလုပ်ကြသတဲ့လား။ တိုက်ပွဲဖြစ်ရင် တိုက်နေတဲ့ သူတွေရဲ့ အသက်တွေ ပေးကြရတယ်၊ ပြီးတော့ ဒေသခံတွေရဲ့အသက်နဲ့ ဘ၀တွေ ပေးကြရတယ်။ အဲဒါကို စီးပွားလုပ်ကြသတဲ့ လား။
အဲဒါကြောင့် တိုက်ပွဲတွေ မရပ်နိုင်သေးတာလား၊ မြန်မာပြည် ငြိမ်းချမ်းရေးမရလေ စီးပွားလုပ်လို့ ကောင်းလေသတဲ့လား။
မြန်မာပြည် ဒီမိုကရေစီရေးဟာ နှစ် ၂၀ ကျော်ကြာခဲ့တယ်။ ဘာကြောင့်ကြာခဲ့တာလဲလို့ ပြောရင် နိုင်ငံရေးကို စီးပွားဖြစ် လုပ်နေကြလို့လို့ ပြောနေကြတဲ့သူတွေ ရှိတယ်။
ကျမတို့ ဘန်ကောက်ရောက်တဲ့အခါ၊ အမေရိကား ရောက်တဲ့အခါ ဒီလို စီးပွားဖြစ်ကိစ္စတွေကို ကြားရ သိရတော့ ရင်နာမိ တယ်။
မြန်မာပြည်က ဆင်းရဲနွမ်းပါးလှတဲ့ ပြည်သူတွေကို ပြေးမြင်ပြီး ခံစားရတယ်။ ငါတို့ဘ၀တွေနဲ့ရင်းပြီး စီးပွားလုပ်ရက်လေ ခြင်းဆိုပြီး နာကျင်ခံစားရပါတယ်။
မြန်မာပြည်ရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားရေး စတဲ့ ခေါင်းစဉ်တွေတပ်ပြီး ဒေါ်လာသောင်းနဲ့ချီပြီး လုပ်နေကြတဲ့ ပရော့ဂျက်တွေအကြောင်း မကြားချင်တော့ဘူး။ မခံစားနိုင်လွန်းလို့ပါရှင်။
အခု ကချင်ပြည်နယ်တိုက်ပွဲတွေ ရပ်တန့်ဖို့ ဆိုတာ အစိုးရကိုတင် ကျမတို့ တောင်းဆိုနေလို့မရတော့ဘူး။ စီးပွားရေးလုပ် နေတဲ့ သူတွေနဲ့ တောင်းဆိုဖို့လိုအပ်နေပါတယ်။
ပြီးတော့ ပြည်တွင်းက ဒီမိုကရေစီခေါင်းဆောင်တွေ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် တောင်းဆိုကြတာကို ကျမ အားမရမိပါဘူး။ဘာကြောင့် ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် မတောင်းဆိုကြတာလဲ။ ကချင်ပြည်နယ် တိုက်ပွဲ တွေ လုံးဝရပ်တန့်သွားအောင် တော်ဝင်နှင်းဆီမှာပွဲတွေ အခမ်းအနားတွေလုပ်ပြီး တောင်းဆိုနေတာက ပိုက်ဆံဖြုန်းတီး ရုံကလွဲပြီး အကျိုးမရှိလှဘူးလို့ မြင်မိတယ်။
ပွဲလုပ်ဖို့ ကုန်ကျတဲ့စရိတ်တွေ ပွဲလုပ်ဖို့ ပေးလိုက်ရတဲ့ ပိုက်ဆံတွေကို ကချင်ပြည်နယ်က ဒုက္ခသည်စခန်းကို လှူလိုက် တာကပိုပြီး အကျိုးရှိမယ်လို့လည်း ထင်မှတ်ပါတယ်။ အဲဒီလို ကုန်ကျစရိတ်တွေ ကုန်နေမယ့်အစား ဒုက္ခသည်တွေ သောက်ရေမလုံလောက်ဘူး ရေသန့်ဘူးတွေဝယ်လှူဒါကမှ သူတို့အသက်တွေ ဆက်ပေးရာ ရောက်ပါသေးတယ်။
ဒီကြားထဲမှာ တရုတ်ပြည်ကလည်း မြန်မာပြည် ငြိမ်းချမ်းလေ သူတို့အတွက် အခြေအနေ မကောင်းလေဆိုတာကို နား လည်ထားတော့ တိုက်ပွဲတွေကို အားပေးနေပါတယ်။
အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တရုတ်အစိုးရက လက်နက်ကြီးသေးသာမက၊ စစ်ပညာနဲ့ နည်းဗျူဟာအဆုံး ပံ့ပိုးပေးနေ တယ်ဆိုတဲ့ သတင်းတွေလည်း ကျမတို့ ကြားနေရတယ်။ တရုတ်ပြည်က ကချင်ပြည်နယ်ကို မျက်စိကျနေတဲ့အတွက် တရုတ်ပြည်ဖြစ်အောင် လုပ်နေတာကိုလည်း ကျမတို့ သတိပြုရပါမယ်။
ကျမတို့ တွေ တိုင်းရင်းသားတွေ အချင်းချင်း (တိုင်းရင်းသားထဲမှာ ဗမာတွေလည်းပါပါတယ်) ရန်မဖြစ်ကြဖို့ လိုပါတယ်။ မြန်မာပြည်ရေးအတွက် ကျမတို့အားလုံးညီညွှတ်ကြဖို့ လိုပါတယ်။ ကျမတို့ ဘေးမှာ ၀ိုင်းနေတဲ့ ရန်သူတွေက နိုင်ငံကြီး တွေပါ။
မြန်မာပြည် ဒီမိုကရေစီရေးဟာ တရုတ်ပြည်နဲ့ ထိုင်းနိုင်ငံတို့ကို ထိခိုက်စေတယ်ဆိုတာကို ကျမတို့ နားလည်ကြဖို့ လိုပါ တယ်။ အနောက်နိုင်ငံက အန္တရာယ်တွေမလာမီ အိမ်နီးချင်းနိုင်ငံတွေရဲ့ အန္တရာယ်ကိုလည်း သတိပြုရမယ့် အရေးပါ။
ကချင်ပြည်နယ် အမြန်ဆုံငြိမ်းချမ်းဖို့က အရေးကြီးနေပါတယ်။ ကျမတို့ ပြည်သူတွေ ကချင်ပြည်နယ်ရေးအတွက် ငြိမ်းချမ်း ရေးအတွက် တောင်းဆိုကြရအောင်ပါရှင်။
ကျမ ဒီလိုရေးခြင်းကို မကြိုက်တဲ့သူတွေ ရှိနိုင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ကျမတို့အားလုံး ညီညွှတ်ကြဖို့ လိုတယ်ဆို တာကိုတော့ မမေ့ကြစေချင်ပါဘူး။
ကျမ အလိုလားဆုံးကတော့ ကချင်တိုက်ပွဲတွေ ရပ်တန့်ပြီး အမြန်ဆုံး တတိုင်းပြည်လုံး ငြိမ်းချမ်းဖို့ပါပဲ။


သတင်းရင်းမြစ်   နေ့သစ်
>>>ဆက်ဖတ်ရန်>>> >>

ဂတ်စ် စီမံကိန်း အပေါ် ဒေသခံလူထု စိတ်ပျက်စပြုလာ

ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်း အပေါ် ဒေသခံ လူထု အနေဖြင့် တဖြည်းဖြည်း စိတ်ပျက်စ ပြုလာနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ဂတ်စ်ပိုက်လိုင်းအား ဖြတ်ကျော်ရန်ကိုထား အနားကိုတောင် ကျွဲနွားများ ကပ်ခွင့်မပြုပါ။ ( ဓါတ်ပုံ- နိရဉ္စရာ)
အခုလို စိတ်ပျက်လာတာက ဂတ်စ်စီမံကိန်း တည်ဆောက်တဲ့ အချိန်က စပြီး ဒေသခံတွေမှာ လယ်မြေတွေ ဆုံးရှုံးတယ်။ အလုပ်အကိုင် မရှိ ဖြစ်လာတယ်။ အခုတစ်ခါ ပြဿနာ ဖြစ်နေတာက ကျွဲနွားတွေကို လယ်ထွန်မယ့်နေရာမှာ ဂတ်စ်ပိုက်လုံးက အလယ်က ဆီးနေတဲ့ အတွက် တစ်နေရာက တစ်နေရာကို ရွှေ့ပြောင်းဖို့ အတော်ကို အခက်အခဲ ဖြစ်လာတယ်။ ဒီလို အခက်အခဲမျိုးစုံ ဖြစ်လာတဲ့ အတွက် ကျွန်တော်တို့ ဒေသက လူတွေ ဒီစီမံကိန်းကို စိတ်ပျက်လာကြတာ ဖြစ်ပါတယ်″ ဟုကျောက်ဖြူမှ လူမူရေး လုပ်ငန်း ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ် အတွင်း တည်ဆောက်နေသော ဂတ်စ် ပိုက်လိုင်းကို ယခုအချိန်ထိ မြေအောက်တွင် မမြုပ်ဘဲ မြေပေါ်တွင် သွယ်တန်းထားသဖြင့် ကျွဲနွားများကို ဂတ်စ်ပိုက်လိုင်းကို ကျော်ပြီး တဖက်နှင့် တဖက်ကို မပြောင်းရွှေ့နိုင်ဘဲ ဖြစ်နေသဖြင့် လယ်သမားများ အထူး အခက်ကြုံနေကြရသည်ဟု ဆိုသည်။
” ဂဟေဆော်ပြီး ဆက်ထားတဲ့ ပိုက်လိုင်းက ကပိုင်ချောင်းကျေးရွာကနေ ရတနာ့ အထိ ၆ မိုင်ထိ ရှည်ပါတယ်။ ဒါကို မြေပေါ်မှာဘဲ ထားတယ်။ ပိုက်လုံးတွေက လူတရပ်လောက်မြင့်တော့ ကျွဲနွားတွေက ဘယ်လိုမှ ကျော်ဖြတ်လို့ မရဘူး။ လှေကားတွေ ထောင်ရင်လည်း လူဘဲ သွားလို့ရတယ်။ ကျွဲနွားတွေက ဖြတ်ကျော်လို့ မရဘူး။ လယ်တကွင်းမှာ အလယ်က ပိုက်လိုင်း ဖြတ်နေတဲ့ အတွက် တစ်ဘက်နဲ့ တစ်ဘက်ကို သွားမယ်ဆိုရင် နှစ်နာရီ သုံးနာရီ ကြာတယ်။ လူတွေက အထူး ဒုက္ခရောက်နေကြပါတယ်″ ဟု သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် လယ်ထွန်ချိန်ကျရောက်လာပြီ ဖြစ်သဖြင့် လယ်သမားများမှ မိမိလယ်ကွင်းရှိရာ နေရာများတွင် တဲတက်ပြီး ကျွဲနွားများကို အသုံးပြုကာ ထွန်ယက် စိုက်ပျိုးကြရာ ဂတ်စ်ပိုက်လိုင်းကြောင်း တစ်နေရာမှ ကျွဲနွားများကို တစ်နေရာသို့ ယူဆောင်၍ မရဘဲ ဖြစ်နေကြောင်း သိရသည်။အခက်အခဲ ဖြစ်နေသော ကျေးရွာများထဲတွင် ရှောက်ချောင်း၊ ကာလာဘာတောင်၊ ကျောက်ခမောက်၊ ကပိုင်ချောင်းနှင့် ရတနာ့ ကျေးရွာများ ပါဝင်ကြောင်းသူက ပြောသည်။
၎င်းပြင် ပိုက်လိုင်း တည်ဆောက်ရာနေရာများမှ ရွံ့နွံများ မိုးရေနှင့် အတူ စီးကျလာသဖြင့် လယ်မြေ အများအပြားလည်း ပျက်စီးနေပြီး ပျက်စီးသွားသော လယ်မြေများ အတွက် လျော်ကြေးလည်း မရကြောင်း တခြား ကပိုင်ချောင်းမှ လယ်သမား တစ်ဦးကလည်း ပြောသည်။
” ပိုက်လိုင်းအတွက် မြေကြီးတွေကို တူးထားရတော့ အခု မိုးရွာတဲ့ အခါ အဲဒီက ရွံ့နွံတွေ ရေစီးနဲ့ အတူ စီးကျလာပြီး လယ်ကွင်းတွေကို ဖုံးသွားပါတယ်။ အခုလို ပျက်စီးသွားတာက ရွာပေါင်း ၁၄ ရွာက လယ်ဧက ၁၈၀ ထိရှိနေပြီ ဖြစ်ပါတယ်။ နောက်ထပ် မိုးဆက်ရွာရင် ဆက်ပျက်စီးနိုင်ပါတယ်″ ဟု သူက ပြောသည်။
ယခု ပျက်စီးနေသော လယ်မြေများမှာ ပိုက်လိုင်း ဖြတ်သန်းရာတွင် မပါဝင်ဘဲ ပိုက်လိုင်းဘေးတွင် တည်ရှိသော လယ်မြေများဖြစ်သဖြင့် လျော်ကြေးလည်း မရရှိကြောင်း သိရသည်။
ကျောက်ဖြူတွင် တခြားကြုံတွေ့နေရသော ပြဿနာမှာ ကားသမားများ ဖြစ်ပြီး ပြည်မဘက်မှ ယူဆောင်လာသော ခိုးကားများကို ကို ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် အသုံးပြုနေကြ၍ ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေက ပြောသည်။
” အရင်က ဒေသ အတွင်းက ထရပ်ကားတွေကို စီမံကိန်းက နေရာတွေမှာ အသုံးပြုတော့ လူတွေက ပိုက်ဆံ ရကြတယ်။ ကျောက်ပြောင်း၊ သဲသယ် ဒီလိုနေရာတွေမှာ ဖြစ်တယ်။ အခု ဘယ်လို ဖြစ်လာသလဲ ဆိုတော့ တဘက်နိုင်ငံတွေက ခိုးသွင်းလာတဲ့ နံပတ် မရှိတဲ့ကားတွေကို ကျောက်ဖြူကို ယူလာတယ်။ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ဈေးပေါပေါနဲ့ ဌားတယ်။ ဒေသခံ ထရပ်ကားတွေက အခု အဌားမလိုက်တော့ ကားသမားတွေက ဒုက္ခရောက်နေကြရပါတယ်″ ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် လယ်မြေ လျော်ကြေး ငွေ ကိစ္စနှင့် ပတ်သက်ပြီးလည်း ကျေးရွာတိုင်းတွင် ပြဿနာ ပေါ်ပေါက်နေကြောင်း ဦးတင်ဖေက ဆက်ပြောသည်။
” အခု ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ အတွက် လယ်မြေတွေကို လျော်ကြေးပေးတဲ့ နေရာမှာ ရတဲ့သူက ရတယ်။ မရတဲ့ သူက မရဘူး။ တချို့ကလည်း လယ်မြေမရှိဘဲ သူများလယ်မြေကို ကိုယ့်နာမည်ခံပြီး ပိုက်ဆံရသွားတယ်။ တချို့ကလည်း ပိုက်ဆံ ရတဲ့ နေရာမှာ အပြည့်မရဘူး။ ရတဲ့ အထဲက တစ်ခါ ကျေးရွာ အာဏာပိုင်တွေက ဖြတ်ယူသွားတာတို့၊ မြေစာရင်း ဌာနက ယူသွားတာတို့နဲ့ ပြဿနာ ရှုပ်နေတယ်။ ကျေးရွာတွေမှာ အကွဲအပြဲတွေလည်း အများကြီး ပေါ်ပေါက်နေပါတယ်″ ဟု ပြောသည်။
ကျောက်ဖြူတွင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း စတင်သည့် အချိန်မှ စပြီး မြေဈေးများလည်း အဆမတန် မြင့်တက်လာကာ ဒေသခံ ပြည်သူများပိုင်ဆိုင်သော လယ်မြေအများအပြားလည်း သိမ်းဆည်းခံခဲ့ရပြီး အများစု လယ်မြေများကို အာဏာရှိသူ စစ်အာဏာပိုင်များက ၎င်းတို့ နာမည်ဖေါက်ကာ သိမ်းယူသွားခြင်း ဖြစ်သည်။
လယ်မြေများ သိမ်းပိုက်ခံရပြီးနောက် ယခုလို မသွားလာရဟု တားမြစ်ထားသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ထိုသို့ သိမ်းယူရာတွင် ယခင်ပြည်ထဲရေး ၀န်ကြီးဟောင်းလည်းဖြစ် ရခိုင်တိုင်းမှူးဟောင်းလည်း ဖြစ်သော ဗိုလ်ချုပ် မောင်ဦးလည်း ပါဝင်သည်။
ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် ဟိုတည်များနှင့် အတူ အနှိပ်ခံများ ၊ အလှပြင်ဆင် အမည်ခံ မကောင်းမူ လုပ်သော ဆိုင်ခန်းများလည်း အများအပြား ပေါ်ပေါက်လာပြီး ဒေသအတွင်း လူမူရေး မတည်ငြိမ်မူများကိုလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။
၎င်းအပြင် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ယာဉ် ၃ တန်၊ ကုန် ၃တန် အထက်ရှိ တန်ချိန်ကြီးကားများ သွားလာမူကြောင့် ရန်ကုန်- ကျောက်ဖြူကားလမ်း၊ ကျောက်ဖြူ- ကံ့ကော်တော ဘုရားလမ်း၊ ကျောက်ဖြူ – မင်းတပ်တောင်နှင့် မင်းပြင် ကားလမ်းများ အပါအ၀င် ကားလမ်း အများအပြားလည်း ပျက်စီးနေပြီး တစ်စုံတစ်ရာ ပြုပြင်ပေးခြင်းများလည်း မရှိကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများအတွက် တစ်စုံတစ်ရာ အကျိုးမရှိသည့် အပြင် ယခုကဲ့သို့ ဆိုးရွားသော အခြေအနေ အရပ်ရပ် ဖြစ်ပေါ်လာသောကြောင့် ဒေသခံများ အနေဖြင့် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကို တဖြည်းဖြည်း စိတ်ပျက်လာနေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။


သတင်းရင်းမြစ်   နေရဉ္ဇရာ
>>>ဆက်ဖတ်ရန်>>> >>