မနေ့တုန်းက ကျမတို့ မြစ်မခရဲ့ ကချင်ပြည် နယ်သတင်းထောက်ဆီက ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အကြောင်း၊ ဖားကန့်ထိ ဖြစ်လာနေကြောင်း၊ ကချင်ပြည်သူ ဒုက္ခသည်တွေကလည်း တနေ့ထက်တနေ့ပိုများလာကြောင်း၊ ဒုက္ခသည် စခန်းတွေမှာလည်း လိုအပ်ချက်တွေနဲ့ ပြည့်နေကြောင်း သတင်းတွေ အစုလိုက်အပြုံလိုက် တက်လာခဲ့ပါ တယ်။
တာဝန်ခံအယ်ဒီတာ ကျမရဲ့မောင်လေး အေးချမ်းဟိန်ကတော့ မျက်နှာပျက်ပျက်နဲ့ပဲ အဲဒီသတင်းတွေကို တည်းဖြတ်ပြီး သတင်းတင်တယ်။
ကျမကတော့ သတင်းတွေကို ဖတ်ပြီး စိတ်ထိခိုက်ခြင်းနဲ့အတူ မကျေနပ်ခြင်း၊ ဒေါသဖြစ်ခြင်း စတဲ့ ခံစားချက်တွေနဲ့ ရင်ထဲ မှာ တနင့်တပိုးကြီး ခံစားနေရပါတယ်။ မကျေနပ်ခြင်းတွေနဲ့ တနေကုန် ရင်ပြည့်နေတယ်။
ရပ်တန့်သင့်ပြီ ဖြစ်တဲ့ ကချင်ပြည်နယ် တိုက်ပွဲတွေ ဘာကြောင့်မရပ်တန့်ရပါသလဲ။ ဘာကြောင့်ခုချိန်ထိ မရပ်တန့်ရပါသ လဲ ဆိုတဲ့မေးခွန်းကို လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ကျမတွေးခဲ့မိတယ်။
ကျမ စိတ်ထဲ စဉ်းစားတိုင်း ရင်ထဲမှာ ခံစားရပါတယ်။ အထူးသဖြင့် ကချင်ဒုက္ခသည် စခန်းက ကလေးတွေရဲ့ ဓါတ်ပုံတွေ ဟာ၊ အမျိုးသမီးကြီးငယ်တွေနဲ့ အခြေအနေမဲ့ကုန်တဲ့ ဘ၀တွေ၊ ဒီလိုသာဆိုရင် ကချင်တမျိုးသားလုံး ပျောက်ရချည်ရဲ့ လို့လဲ တွေးမိပါတယ်။
ဒုက္ခသည်စခန်းရောက်နေတဲ့ ကချင်ပြည်သူတွေရဲ့ ထူထောင်ရေးကာလဟာ ဘယ်လောက်ကြာမလဲ၊ သေချာတာက တော့ ၄ နှစ် ၅ နှစ်နဲ့ သူတို့ ဘ၀တွေ နလံမထူတော့တာပါပဲ။ ကချင်အမျိုးသားတွေ ကချင်လူငယ်တွေ ပညာသင်ဖို့ နောက်ကျပြီ၊ ခုလို တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားတွေရဲ့ သောကတွေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ ကလည်း …။
ဒီလို ဘ၀တွေ မြင်နေရတော့ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ကြသလဲဆိုတဲ့ မေးခွန်းက ပေါ်လာပါတယ်။ ပြီးတော့ ငြိမ်းချမ်း ရေး လက်မှတ်ထိုးပွဲတွေရှိပေမယ့် ဘာကြောင့် မရပ်တန့်ကြသေးသလဲ။
နိုင်ငံခြားရောက်နေတဲ့ ကျမသူငယ်ချင်း ကချင်တိုင်းရင်းသူတဦးက ပြောတယ်။ စီးပွားဖြစ် တိုက်ပွဲဆိုတာ ကြားဖူးသလား တဲ့။
ဟင့်အင်း ကျမ မကြားဘူးပါဘူးဆိုတော့ သူမက ဆက်ပြောပါတယ်။ တိုက်ပွဲဖြစ်ရင် စီးပွားဖြစ်တယ်တဲ့။ တိုက်ပွဲတွေက business လုပ်တာပဲ။ တိုက်မယ်ဆိုရင် ဒေါ်လာဘယ်လောက်ဆိုပြီး ပိုက်ဆံရတယ်တဲ့။ အဲဒီစကားကြားရတော့ ကျမ ရှော့ဖြစ်သွားတယ်၊ အသက်တွေနဲ့ ရင်းပြီးတော့တောင် စီးပွားလုပ်ကြသတဲ့လား။ တိုက်ပွဲဖြစ်ရင် တိုက်နေတဲ့ သူတွေရဲ့ အသက်တွေ ပေးကြရတယ်၊ ပြီးတော့ ဒေသခံတွေရဲ့အသက်နဲ့ ဘ၀တွေ ပေးကြရတယ်။ အဲဒါကို စီးပွားလုပ်ကြသတဲ့ လား။
အဲဒါကြောင့် တိုက်ပွဲတွေ မရပ်နိုင်သေးတာလား၊ မြန်မာပြည် ငြိမ်းချမ်းရေးမရလေ စီးပွားလုပ်လို့ ကောင်းလေသတဲ့လား။
မြန်မာပြည် ဒီမိုကရေစီရေးဟာ နှစ် ၂၀ ကျော်ကြာခဲ့တယ်။ ဘာကြောင့်ကြာခဲ့တာလဲလို့ ပြောရင် နိုင်ငံရေးကို စီးပွားဖြစ် လုပ်နေကြလို့လို့ ပြောနေကြတဲ့သူတွေ ရှိတယ်။
ကျမတို့ ဘန်ကောက်ရောက်တဲ့အခါ၊ အမေရိကား ရောက်တဲ့အခါ ဒီလို စီးပွားဖြစ်ကိစ္စတွေကို ကြားရ သိရတော့ ရင်နာမိ တယ်။
မြန်မာပြည်က ဆင်းရဲနွမ်းပါးလှတဲ့ ပြည်သူတွေကို ပြေးမြင်ပြီး ခံစားရတယ်။ ငါတို့ဘ၀တွေနဲ့ရင်းပြီး စီးပွားလုပ်ရက်လေ ခြင်းဆိုပြီး နာကျင်ခံစားရပါတယ်။
မြန်မာပြည်ရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားရေး စတဲ့ ခေါင်းစဉ်တွေတပ်ပြီး ဒေါ်လာသောင်းနဲ့ချီပြီး လုပ်နေကြတဲ့ ပရော့ဂျက်တွေအကြောင်း မကြားချင်တော့ဘူး။ မခံစားနိုင်လွန်းလို့ပါရှင်။
အခု ကချင်ပြည်နယ်တိုက်ပွဲတွေ ရပ်တန့်ဖို့ ဆိုတာ အစိုးရကိုတင် ကျမတို့ တောင်းဆိုနေလို့မရတော့ဘူး။ စီးပွားရေးလုပ် နေတဲ့ သူတွေနဲ့ တောင်းဆိုဖို့လိုအပ်နေပါတယ်။
ပြီးတော့ ပြည်တွင်းက ဒီမိုကရေစီခေါင်းဆောင်တွေ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် တောင်းဆိုကြတာကို ကျမ အားမရမိပါဘူး။ဘာကြောင့် ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် မတောင်းဆိုကြတာလဲ။ ကချင်ပြည်နယ် တိုက်ပွဲ တွေ လုံးဝရပ်တန့်သွားအောင် တော်ဝင်နှင်းဆီမှာပွဲတွေ အခမ်းအနားတွေလုပ်ပြီး တောင်းဆိုနေတာက ပိုက်ဆံဖြုန်းတီး ရုံကလွဲပြီး အကျိုးမရှိလှဘူးလို့ မြင်မိတယ်။
ပွဲလုပ်ဖို့ ကုန်ကျတဲ့စရိတ်တွေ ပွဲလုပ်ဖို့ ပေးလိုက်ရတဲ့ ပိုက်ဆံတွေကို ကချင်ပြည်နယ်က ဒုက္ခသည်စခန်းကို လှူလိုက် တာကပိုပြီး အကျိုးရှိမယ်လို့လည်း ထင်မှတ်ပါတယ်။ အဲဒီလို ကုန်ကျစရိတ်တွေ ကုန်နေမယ့်အစား ဒုက္ခသည်တွေ သောက်ရေမလုံလောက်ဘူး ရေသန့်ဘူးတွေဝယ်လှူဒါကမှ သူတို့အသက်တွေ ဆက်ပေးရာ ရောက်ပါသေးတယ်။
ဒီကြားထဲမှာ တရုတ်ပြည်ကလည်း မြန်မာပြည် ငြိမ်းချမ်းလေ သူတို့အတွက် အခြေအနေ မကောင်းလေဆိုတာကို နား လည်ထားတော့ တိုက်ပွဲတွေကို အားပေးနေပါတယ်။
အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တရုတ်အစိုးရက လက်နက်ကြီးသေးသာမက၊ စစ်ပညာနဲ့ နည်းဗျူဟာအဆုံး ပံ့ပိုးပေးနေ တယ်ဆိုတဲ့ သတင်းတွေလည်း ကျမတို့ ကြားနေရတယ်။ တရုတ်ပြည်က ကချင်ပြည်နယ်ကို မျက်စိကျနေတဲ့အတွက် တရုတ်ပြည်ဖြစ်အောင် လုပ်နေတာကိုလည်း ကျမတို့ သတိပြုရပါမယ်။
ကျမတို့ တွေ တိုင်းရင်းသားတွေ အချင်းချင်း (တိုင်းရင်းသားထဲမှာ ဗမာတွေလည်းပါပါတယ်) ရန်မဖြစ်ကြဖို့ လိုပါတယ်။ မြန်မာပြည်ရေးအတွက် ကျမတို့အားလုံးညီညွှတ်ကြဖို့ လိုပါတယ်။ ကျမတို့ ဘေးမှာ ၀ိုင်းနေတဲ့ ရန်သူတွေက နိုင်ငံကြီး တွေပါ။
မြန်မာပြည် ဒီမိုကရေစီရေးဟာ တရုတ်ပြည်နဲ့ ထိုင်းနိုင်ငံတို့ကို ထိခိုက်စေတယ်ဆိုတာကို ကျမတို့ နားလည်ကြဖို့ လိုပါ တယ်။ အနောက်နိုင်ငံက အန္တရာယ်တွေမလာမီ အိမ်နီးချင်းနိုင်ငံတွေရဲ့ အန္တရာယ်ကိုလည်း သတိပြုရမယ့် အရေးပါ။
ကချင်ပြည်နယ် အမြန်ဆုံငြိမ်းချမ်းဖို့က အရေးကြီးနေပါတယ်။ ကျမတို့ ပြည်သူတွေ ကချင်ပြည်နယ်ရေးအတွက် ငြိမ်းချမ်း ရေးအတွက် တောင်းဆိုကြရအောင်ပါရှင်။
ကျမ ဒီလိုရေးခြင်းကို မကြိုက်တဲ့သူတွေ ရှိနိုင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ကျမတို့အားလုံး ညီညွှတ်ကြဖို့ လိုတယ်ဆို တာကိုတော့ မမေ့ကြစေချင်ပါဘူး။
ကျမ အလိုလားဆုံးကတော့ ကချင်တိုက်ပွဲတွေ ရပ်တန့်ပြီး အမြန်ဆုံး တတိုင်းပြည်လုံး ငြိမ်းချမ်းဖို့ပါပဲ။
သတင်းရင်းမြစ်း နေ့သစ်
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။