အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, May 27, 2012

ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်စခန်း သွားရောက်ကြည့်ရှု့မယ်လို့ Bangkok Post ဖော်ပြ

ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းကို ကြာသပတေးနေ့မှာ သွားရောက်ကြည့်ရှု့မယ်လို့ မနေ့က ထုတ်ဝေတဲ့ The Bangkok Post သတင်းစာက ဖော်ပြလိုက်ပါတယ်။
Photo courtesy of TBBC
ထိုင်း-မြန်မာနယ်စပ်မှ ၈ ကီလိုမီတာအကွာတွင် ၁၉၈၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသော မယ်လ ဒုက္ခသည်စခန်းကို တွေ့ရစဉ်။
အခုလို ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှု့ဖို့ ကေအင်န်ယူ ကရင်တိုင်းရင်းသား အစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တယ်လို့ သတင်းစာက ရေးသားထားပါတယ်။
တကယ်လို့ ဒုက္ခသည်စခန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက် လေ့လာနိုင်မယ်ဆိုရင် တိုင်းရင်းသားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပိုပြီးသိလာမှာ ဖြစ်တယ်လို့  ကေအင်န်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က RFA ကိုပြောပါတယ်။
ဘန်ကောက်ပို့စ် သတင်းစာမှာတော့ ကရင်ဒုက္ခသည်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်လိုကြတယ်လို့ ကေအင်န်ယူ အကြီးတန်းအရာရှိတစ်ဦး ပြောဆိုချက်ကို ကိုးကား ဖော်ပြထားပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၃၀ ရက်နေ့ ကနေ ဇွန်လ ၁ ရက်နေ့အထိ တက်ရောက်မှာ ဖြစ်ပြီး၊ ဇွန်လ ၂ ရက်နေ့မှာ မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မှာဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
RFA-Burmese

သတင်းရင်းမြစ်း RFA
>>>ဆက်ဖတ်ရန်>>> >>

ပြည်သူကို စော်ကားခဲ့တဲ့ သမတအကြံပေးအဖွဲ့ ထဲက နိုင်ငံရေးအကြံပေးခေါင်းဆောင် ကိုကိုလှိုင် အကြောင်း

 

ပြည်သူကို စော်ကားခဲ့တဲ့ သမတအကြံပေးအဖွဲ့ ထဲက နိုင်ငံရေးအကြံပေးခေါင်းဆောင် ကိုကိုလှိုင်။ သမတရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်အကြောင်း စပြီးပြောပြဖို့  ဖေါ်ပြဖို့  လိုပါပြီ။ ဒီ နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့ မှာပါ။ နိုင်ငံတကာရေးရာတွေကို မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း ပြောနေသူတစ်ဦးဆိုတာကို။ တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက်ပါးစေအကြီးစားတစ်ဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာသုတေသီလိုလိုနဲ့  နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့  သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ ခုနှစ်က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာ တာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး (ပထမတန်း) သုတေသနအဆင့်နဲ့  နအဖသန်းရွှေတို့ အတွက် အကြီးစားလက်ပါးစေဖြစ်ခဲ့သူပါ။ဒီလို နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းလက်အောက်မှာ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း အကြံပေးအရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ ရဲ့  ၀ါဒဖြန့် ချီရေးခြေလှမ်းတစ်ခုဖြစ်တဲ့ နိုင်ငံရေးသတင်းဂျာနယ်ဆိုပြီး Northern Star Journal ကို စတင်ထုတ်ခဲ့တဲ့သူတွေထဲက တစ်ဦးပါ။ ကိုကိုလှိုင်တို့ ဟာ ဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေအမျိုးမျိုးနဲ့  သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။ ကိုကိုလှိုင်ဟာ ဖော်လံဖားလုပ်ပြီး နအဖ သန်းရွှေရဲ့  အတုအယောင် အမျိုးသားညီလာခံအောင်မြင်ရေးအတွက် ကလောင်နာမည်အမျိုးမျိုးနဲ့  ဆောင်းပါးတွေ ရေးခဲ့တယ်။ အာဏာရှင် သန်းရွှေ အလိုကျ ဆောင်းပါးတွေရေးသားဖေါ်ပြခဲ့တယ်။ သိန်းစိန် အခု သမတဖြစ်လာတဲ့ နောက်ခံပါတီ ကြံ့ ဖွတ်က စိမ်းလဲ့ရွှေပြည်နဲ့  နွယ်သာကီဂျာနယ်စာစောင်တွေကို ထုတ်နေချိန်မှာ တစ်ဘက်ကလည်း ကိုကိုလှိုင်တို့ က ဒီ Northen Star ဂျာနယ်ကို ထုတ်ခဲ့ကြပါတယ်။ နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်တို့ ဟာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဝေဖန်တဲ့ဆောင်းပါးတွေကို ရေးသားခဲ့ကြတယ်။ နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်ရဲ့  ကလောင်အမည်ခွဲတွေထဲမှာတော့ စည်သူအောင်၊ ကိုကိုလှိုင် (မြင်းမူ) နဲ့  လှိုင်အောင်ဆိုတဲ့ အမည်တွေက အများဆုံး အမည်ခံ ရေးသားပါတယ်။ မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဝင်တိုက်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေက မြန်မာပြည်သူပြည်သားတွေ သေလုမြောပါး ဘေးဒုက္ခကြုံနေစဉ်အတွင်းမှာ နအဖရဲ့  ၀ါဒဖြန့် ချီရေးသတင်းစာထဲမှာ ပါလာတဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် ဖတ်ရသူ သိရသူတိုင်း ဒေါသအမျက်မျက်ထွက်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြန်လည်ဖေါ်ပြလိုက်ရပါတယ်။ ၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ ထုတ် နအဖရဲ့  ကြေးမုံသတင်းစာ စာမျက်နှာ (၈) မှာ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့  ဝေကြပေလိမ့်မည်” ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးထဲမှာ နာဂစ်မုန်တိုင်းကြောင့် သစ်ပင်တွေပြိုလဲရှင်းသွားတာကြောင့် ရွှေတိဂုံဘုရားကြီး အထက်ပစ္စယံအနားထိကို အိမ်ဝရံတာကနေ လှမ်းဖူးမြော်ခွင့်ရတာမို့  နာဂစ်မုန်တိုင်းကြီးကို ကျေးဇူးတင်ရတယ်ဆိုပြီး အစချီကာ ရေးသားခဲ့ပါတယ်။ ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်းတိုက်ခိုက်မှုကို သိန်းပေါင်းမြောက်မြားစွာသော မြန်မာပြည်သူတွေ သေကြေပျက်စီး ဒုက္ခရောက်နေချိန်မှာ ဒီလိုရေးသားမှုဟာ အင်မတန် မသင့်လျော်လွန်းလှတာကို အားမရသေးဘဲ၊ နအဖသန်းရွှေတို့ ရဲ့  နာဂစ်မုန်တိုင်း ခုတုံးလုပ် ဒေါ်လာငွေ တောင်းရမ်းကောင်းဖို့ အတွက် အလိမ်အညာ ဟန်ပြလုပ်ရပ်တွေကို ချီးမွန်းရေးသားပြထားပြီး၊ ဆောင်းပါးနောက်ဆုံးမှာ နိုင်ငံတကာက နာဂစ်မုန်တိုင်းအလှူပစ္စည်းတွေ အစားအသောက်တွေထက် ချောင်းမြောင်းထဲမှာ ငါးရှာစား ဖားရှာစားဖို့ ကို ပြောဆိုရေးသားထားတာကတော့ အလွန့် ကို မိုက်ရိုင်းစော်ကားလိုက်ခြင်းဘဲ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သား မုန်တိုင်းဘေးဒုက္ခသည်တွေကို နိုင်ငံတကာ ပြည်သူများက ကိုယ်ချင်းစာပြီး စေတနာထက်သန်စွာနဲ့  ပေးပို့ လှူဒါန်းကြတာကို ကိုယ်ကိုတိုင်လည်း မကူညီ သူများကူညီတာလည်း နှောင့်ယှက်ကြတဲ့ သန်းရွှေတို့ အာဏာရူးတွေဘက်ကို ဖော်လံဖားပြီး ရေးသားတာထက်ပိုပြီး ဒုက္ခရောက်နေကြသူ မြန်မာပြည်သူပြည်သားတွေကို ကိုယ်ချင်းစာတရား ခေါင်းပါးစွာနဲ့  ဒီဆောင်းပါရေးသားသူ “လှိုင်အောင်” ဆိုသူကတော့ အခု သိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် “ကိုကိုလှိုင်” ဘဲ ဖြစ်ပါတယ်ဆိုတာ အများပြည်သူ သိရအောင် ဖေါ်ပြလိုက်ရပါတယ်။ ဒီလို ဆောင်းပါးရေးသားပြီး မြန်မာပြည်သူပြည်သားတွေကို စော်ကားခဲ့သူ လှိုင်အောင်အမည်ခံ လူယုတ်မာ ကိုကိုလှိုင်ရဲ့  ဆောင်းပါးကို အပြည့်အစုံ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ ဆောင်းပါးရှင် လှိုင်အောင် က “ လူပေါင်းသန်းနှင့် ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နာဂစ်လေဘေးဒုက္ခသည်တွေဟာ " နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်" .... ဒါ့ အပြင် .... "ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့ ၊ လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်းအိုးမဲ့အိမ်မဲ့ ဖြစ်စေ ခဲ့တဲ့ လူသတ်နာဂစ် မုန်တိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း" ဦးနှောက်မရှိ၊ လူသားမဆန်တဲ့ အောက်တန်းကျကျ ရေးသားထားတာကို ဖတ်ရသူတိုင်း သိရသူတိုင်းက ဒီဆောင်းပါးရှင်ကို ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ကြပါဖူး။ ဆောင်းပါးရှင်ကို ကြိုးနဲ့ တုတ်ပြီး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ချောင်းမြောင်းတွေထဲ သွားပစ်ချပြီး သေဆုံးသွားရတဲ့ ပြည်သူတွေအလောင်းတွေကြားထဲ နှစ်သတ်ပြီး အဲ့ဒီက ငါးတွေ ဖားတွေကို ပေးစားအောင်ကို ဒေါသထွက်ကြရတယ်ဆိုတာ အများပြည်သူတွေ ခံစားကြရပါတယ်။ ငါးရှာစား ဖားရှာစားဆိုပြီး ပြောခဲ့တဲ့ လှိုင်အောင်ကတော့ အာဏာရူး သန်းရွှေတို့ ရဲ့  လက်ပါးစေအကြီးစား ယခု သိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးခေါင်းဆောင်လုပ်နေတဲ့ ကိုကိုလှိုင်ဘဲ ဖြစ်တယ်ဆိုတာ ပြည်သူအများ သိကြပြီမို့  ဒီ လူယုတ်မာ ကိုကိုလှိုင်ကို ငါးစား ဖားစာကျွေးဖို့  ဆောင်ရွက်ကြဖို့ ဘဲ လိုပါတော့တယ်။ ယခုလည်း မြန်မာပြည်သူပြည်သားတွေ မီးမလာလို့  အမှောင်ထဲမှာ နေ့ စဉ် နေထိုင်နေရတဲ့ဘ၀၊ ရေမရှိလို့  ရေငတ်ဒဏ်ကို ခံစားနေကြရတဲ့ ဘ၀တွေကို ကိုယ်ချင်းမစာသူတွေထဲမှာ ကိုကိုလှိုင်လည်း ထိပ်ဆုံးထဲက တစ်ယောက်ဖြစ်နေပြန်ပါပြီမို့  ကိုကိုလှိုင်ကို ပြည်သူ့ ပေးတဲ့ အပြစ်ဒါဏ် ခံစေဖို့ သာ ရှိပါတော့တယ်။ ဒီ လူယုတ်မာ ကိုကိုလှိုင်က သမတ အကြံပေးတက်လုပ်နေပြီး လျှပ်စစ်မီး မလာလို့  ဆန္ဒပြကြတဲ့ ပြည်သူတွေကို အကြံပေးတဲ့စကားတဲ့ - "ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေ အကုန်ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။" …… လို့  ပြောသွားပါတယ်။ ဒီနေ့  နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ လျှပ်စစ်မီးထုတ်လုပ်တယ်ဆိုတာ ရေလာမှာ ဖြစ်တာလားဆိုတာနဲ့ ၊ အခုမှ လျှပ်စစ်မီးက မလာတာလား၊ အခုမလာတဲ့ ရေကြောင့် မြန်မာပြည်ကြီး လျှပ်စစ်မီး မရတာလားဆိုတာတွေကို မေးမြန်းလိုပါတယ်။ ပြည်သူအပေါ်မှာ စာနာတရား လုံးဝ မရှိတဲ့ ကိုကိုလှိုင်ရဲ့  ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ၊ ပြည်သူ့ မျက်နှာကို ငဲ့ညှာကြည့်ဖေါ်မရတဲ့ ကိုကိုလှိုင်ရဲ့  ပါးစပ်က ထွက်ဆိုရဲတဲ့ စကားတွေကို လက်ခံကြတဲ့သူတွေ အကြံပေးတဲ့သူရော အကြံယူတဲ့ရော အတူတူနဲ့ အနူနူကြီးဘဲလို့  ယဉ်ယဉ်ကျေးကျေးလေးဘဲ ပြောလိုက်ရပါတယ်။ 


သတင်းရင်းမြစ်    Facebook မှ ကူးယူဖော်ပြပါသည်။ လင့်ခ်က ဒီမှာ ပါ။
>>>ဆက်ဖတ်ရန်>>> >>

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာများမှ အိမ် ရာများအား ပြန်လည်အစားထိုးရန် ဘ၀ါမြို့သစ်အဖြစ်ဖော်ထုတ်လျက် အိမ်ယာများ စတင်ဆောက်လုပ်နေ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှ စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာများဖြစ်သော မူးဒူး၊ ထိန်ကြီး၊ လဲရှောင်၊ ပရဒတ်နှင့် မယင်းကြီးကျေးရွာများမှ အိမ် ရာများအား ပြန်လည်အစားထိုးပေးရန်အတွက် စီမံကိန်းမှမြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ဘ၀ါကျေးရွာအနီးတွင် ဘ၀ါမြို့သစ်အဖြစ်ဖော်ထုတ်လျက်ရှိရာ အိမ်ယာများ စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

''အခုဆောက်လုပ်မှာက အားလုံးအိမ်အလုံး ၃၀၀ ပါ။ ကျွန်တော်တို့ ကုမ္ပဏီကတော့ ၄၂ လုံး ဆောက်လုပ်ဖို့ရှိပြီး အခု ၁၈ လုံးစဆောက်နေပါတယ်။ မိုးတွင်းကာလမို့လို့ ပြီးစီးမယ့်အချိန်ကိုတော့ အတိအကျ ပြောလို့မရပါဘူး။ စက်တင်ဘာလမှာ ဒီအလုံး ၃၀၀ စလုံးပြီးစီးအောင် လုပ်ဖို့တော့ သတ်မှတ်ထားပါတယ်။ ကျွန်တော့်ဆိုက်မှာတော့ အလုပ်သမား ၇၀ လောက်ရှိတယ်။ ဒေသခံတွေကိုပဲ ဦးစားပေးပါတယ်။ လစာအနေနဲ့ကတော့ ဆောက်လုပ်မှုအနေ အထားအလိုက် ပုတ်ပြတ်စနစ်နဲ့ ပေးပါတယ်။ လစာကို ကုမ္ပဏီတွေအားလုံးညှိပြီးပေးမှာဖြစ်တဲ့အတွက် တရားဝင်လစာအနေအထားကိုတော့ မထုတ်ပြန်ရသေးပါဘူး။ ကုမ္ပဏီအားလုံး လစာကို တစ်ပြေးညီသတ်မှတ်တာကတော့ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာပိုရတဲ့ တခြားကုမ္ပဏီတွေဆီ ပြောင်းသွားမှာစိုးလို့ပါ။ ဒီထဲမှာ ဆောက်လုပ်နေတဲ့ ကုမ္ပဏီကိုးခုရှိပါတယ်''ဟု အဆိုပါ မြို့သစ်စီမံကိန်းတွင် အိမ်ရာဆောက်လုပ်ရေး ကနောင်အေးရှားကုမ္ပဏီမှ ဆောက်လုပ်ရေးအင်ဂျင်နီယာ ကိုညီညီက ပြောကြားသည်။

အဆိုပါမြို့သစ်တွင် ဆောက်လုပ်ပေးမည့်အိမ်ရာအရေအတွက်မှာ အလုံး ၄၀၀၀ ကျော်ခန့်ရှိပြီး အရွယ်အစားသတ်မှတ်ချက်အရ M ဆိုက်အရွယ်ရှိသောအိမ်များကို ဆောက်လုပ်သွားဖွယ်ရှိကြောင်း သိရသည်။ အိမ်ရာနှင့်အဆောက်အဦများ ဆောက်လုပ်မှုအတွက် ကနောင်အေးရှား၊ နောင်တို Original Group ၊ ရွှေဆုပန်၊ ဆန်းတင့် အစရှိသာ ကုမ္ပဏီများကို Sub ကန်ထရိုက်အဖြစ် ငှားရမ်းထားကြောင်း သိရသည်။
 
သတင်းရင်းမြစ်    Eleven Media
 
>>>ဆက်ဖတ်ရန်>>> >>

ပုသိမ်မြို့ မီးရရှိရေး ဖယောင်းတိုင်ထွန်း ညှိဆန္ဒဖော်ထုတ်မှု ဒုတိယနေ့


ပုသိမ်မြို့ ဒုတိယမြောက်နေ့ ဖယောင်းတိုင် လှုပ်ရှားမှု အောင်မြင်စွာပြီးဆုံး မေလ ၂၆ရက်၊ ၂၀၁၂ ခုနှစ်၊ မျိုးမင်းထွန်း (YPI) ပုသိမ်မြို့တွင် လျှပ်စစ်မီးမှန်မှန်ရရေးအတွက် ဖယောင်းတိုင်ထွန်းညှိကာ ဆန္ဒထုတ်ဖေါ်သည့် လှုပ်ရှားမှုဒုတိယနေ့ကို ယနေ့ည ၇နာရီ ၁၀ မိနစ်မှ စတင်ခဲ့ကြရာ ယမန့်နေ့က လုပ်ဆောင်ခဲ့ကြသည့် အတိုင်း တိုင်းလျှပ်စစ်ရုံးရှေ့မှ စတင်ကာ ရွှေမုဋ္ဌော ဘုရားထိ လမ်းလျှောက်ကိုင်ဆောင်ခဲ့ကြသည်။ ယနေ့ည စတင်ရာနေရာ၌ လူ ၅၀ ခန့်က ဖယောင်းတိုင် စတင်ထွန်းညှိပြီး မြေနုလမ်း၊ မင်းကြီးလမ်း မှတဆင့် မဟာဗန္ဓုလလမ်း ပေါ်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့များသို့ ဖြတ်ကျော် ကာ နောက်ဆုံး ရွှေမုဋ္ဌောဘုရားတွင် သွားရောက် ဆီမီးပူဇော်ပြီး ၇ နာရီ ၅၀ မိနစ်၌ လူစုခွဲခဲ့ကြသည်။ လုံခြုံရေးရဲများ တိုင်းလျှပ်စစ်ရုံးရှေ့တွင် ညနေစောင်းမှ စတင်ချထားသော်လည်း ဖယောင်းတိုင် ထွန်းညှိသူများအား နှောက်ယှက်ခြင်းမရှိခဲ့ပေ။ ။ 
 
သတင်းရင်းမြစ်    Yangon Press International (YPI)
 
 
>>>ဆက်ဖတ်ရန်>>> >>

တကောင်းတောင် နီကယ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေမှုနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာများမှ စုံစမ်းမေးမြန်း ပေးကြပါရန်...



 တကောင်းတောင် နီကယ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေမှုနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာများမှ စုံစမ်းမေးမြန်း ပေးကြပါရန် 
(ဒီမိုဝေယံ)

ဓာတ်ပုံကတော့ ဧရာဝတီမြစ်ရေပြင်မှ တကောင်းတောင် တရုတ်နီကယ် စီမံကိန်း ကွန်ဗေယာလိုင်းနဲ့ စက်ရုံကို တောင်ကြောတလျှောက် ပတ်ဝန်းကျင် အမှောင်ထုကြားမှာ မီးထိန်ထိန်နဲ့ လှမ်းမြင် နေရတဲ့ မြင်ကွင်းပါ..။

ထီးချိုင့်မြို့နယ်ထဲက ၂၃၅၀၀ ဧကရှိတဲ့ တကောင်းသစ်တော ကြိုးဝိုင်းထဲမှာတော့ တရုတ်CNICO ကုမ္ပဏီက အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ဒေါ်လာသန်း(၈၀၀)တန် နီကယ် စီမံကိန်းကြီးကို ပြုလုပ်နေလေရဲ့..။

အဆိုပါ တကောင်းစီမံကိန်းအတွက် ကားလမ်းဖောက်လုပ်ခွင့်ကို ကန်ထရိုက် ရရှိထားတာကတော့" ပြည်တွင်းက ဂရိတ်ဝေါ စားသောက်ကုန် လုပ်ငန်းကုမ္ပဏီ လီမီတက်" ကရရှိထားတယ်လို့ ဆိုပါတယ်.။  ဒီစီမံကိန်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့က မိုင်းမှားယွင်း ပေါက်ကွဲလို့ တရုတ်(၁)ဦးသေဆုံးပြီး မြန်မာ(၃)ဦး ဒဏ်ရာရခဲ့ ပါသေးတယ်..။
ထီးချိုင့်မြို့နယ် အတွင်းက စေတီတော် တွေရဲ့ နောက်ဘက်မှာ ရေးရေးမြင်တွေ့ နေရတာကတော့ တကောင်းတောင် နီကယ် စီမံကိန်းပါ..

ညောင်မြစ်တူးတော့ ဖွတ်ဥပေါ်သလို အဆိုပါ နီကယ်စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားတွေကို  ရွှေလီစီမံကိန်းကနေ စာရင်းပျောက်၊ အင်းပျောက် ရရှိနေသလားပဲ။ လျှပ်စစ်မီး အပြည့်အဝရရှိရေး လူထုလှုပ်ရှားမှုတွေ မဖြစ်ပေါ်ခင် ဓာတ်အား မလုံလောက်မှုအတွက် ရွှေလီကနေ ဓာတ်အားတွေ ပြန်ဝယ်ပြီး ပြည်တွင်းကို ပြန်ဖြန့်မယ်လို့ လျှပ်စစ်ဝန်ကြီးဋ္ဌာန တာဝန်ရှိသူတွေ ထုတ်ဖော် ပြောဆိုခဲ့တာ မှတ်မိကြဦးမှာပါ။ တိုက်ဆိုင်တယ်လို့ ဆိုရလေမလား အဆိုပါပြောဆိုချက် အပြီး မကြာခင်မှာပဲ တာဝါတိုင်တွေ မိုင်းခွဲခံရတယ်ဆိုပြီး ထွက်ပေါ်လာလေရဲ့။ စဉ်းစားစရာတွေပါ..။
ယခင် ဒီမိုဝေယံမှ တကောင်းနီကယ် စီမံကိန်းနဲ့ ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေမှာ မြင်ရတဲ့အတိုင်း အဆိုပါ စက်ရုံဆောက်လုပ် ပြီးစီးတဲ့ ၂၀၁၁ခု နှစ်စပိုင်းကတည်းက ယခုလို မီးထိန်ထိန် လင်းနေကြောင်း ဒေသခံများက ဆိုပါတယ်...။ ပြည်သူတွေ ယခင်ကတည်းက အပြည့်အဝမရရှိခဲ့တဲ့ လျှပ်စစ်ကို ခြိုးခြံချွေတာဖို့ လက်လွတ်စပယ် ပြောဆိုခဲ့တဲ့ ဦးကိုကိုလှိုင် သိမှသိပါလေစ...။
အဆိုပါ တကောင်းစီမံကိန်းအတွက် ကားလမ်းဖောက်လုပ်ခွင့်ကို ကန်ထရိုက် ရရှိထားတာကတော့ " ပြည်တွင်းက ဂရိတ်ဝေါ စားသောက်ကုန် လုပ်ငန်းကုမ္ပဏီ လီမီတက်" ကရရှိထားတာပါ..။ စဉ်းစားကြည့်ကြပေါ့။ ဒီစီမံကိန်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ ဖေဖော်ဝါရီလ ၁၂ရက်နေ့က မိုင်းမှားယွင်း ပေါက်ကွဲလို့ တရုတ်(၁)ဦးသေဆုံးပြီး မြန်မာ(၃)ဦး ဒဏ်ရာရခဲ့ ပါသေးတယ်..။

ဒီစီမံကိန်းက ရရှိမယ့် အကျိုးအမြတ် မည်၍မည်မျှ ရရှိတယ်ဆိုတာနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှု၊ ပတ်ဝန်းကျင်က ဒေသခံ ပြည်သူတွေ မည်မျှ နှစ်နာဆုံးရှုံး၊ ထိခိုက်ရတယ် ဆိုတာလည်း ပြည်သူတွေ သိရှိအောင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေမှလည်း ဖော်ထုတ် တင်ပြပေးဖို့ လိုအပ်ပါလိမ့်မယ်..။

လောလောဆယ်မှာတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး မြင်တွေ့နေရတာကတော့ နေ့မှာလည်းစံ ညမှာလည်းစံဆိုသလို နေ့မှာ စက်ယန္တယားကြီးငယ် အသွယ်သွယ်နဲ့ ရသမျှ တူးဖော် ထုတ်လုပ်နေသလို ညမှာလည်း ပတ်ဝန်းကျင် ပြည်သူတွေ အိပ်မက်တောင် မမက်နိုင်တဲ့ ထိန်ထိန်ညီးနေတဲ့ လျှပ်စစ်မီးတွေ ထွန်းညှိထားတဲ့ မြင်ကွင်းတွေပါပဲ...။ အဆိပါ တကောင်းတောင် နီကယ်စီမံကိန်းအတွက် ရွှေလီမှ ဓာတ်အားတွေ ရယူနေမှုနဲ့ အဆိုပါစီမံကိန်းအတွက် လျှပ်စစ်ပမာဏ မည်၍ မည်မျှသုံးစွဲနေတယ်ဆိုတာ မီဒီယာများမှ တာဝန်ရှိသူ လျှပ်စစ်ဝန်ကြီးဦးဇော်မင်းနဲ့ ဦးကိုကိုလှိုင် ဆိုသူတို့အား စုံစမ်းမေးမြန်းပေးဖို့ ပြည်တွင်း ပြည်ပမီဒီယာများအား မေတ္တာရပ်ခံအပ်ပါတယ်..။

ဒီမိုဝေယံ

တကောင်းတောင် စီမံကိန်းအတွက် ရွှေလီမှ 220KV လိုင်း(၂)လိုင်းနဲ့ ပေးပို့နေတဲ့ အကြောင်း မတ်လ(၂၈)ရက်နေ့ အစီရင်ခံစာ..

ဧရာဝတီမြစ်အတွင်းမှ မြင်ကွင်းဓာတ်ပုံ ဒီမိုဝေယံ စာဖတ်ပရိသတ်တဦး ပေးပို့ပါသည်...
>>>ဆက်ဖတ်ရန်>>> >>

တောင်ဒဂုံ လေးဒေါင့်ကန် စံပြရပ်ကွက်ရှိ ၀မ်းလျှော ၀မ်းပျက် ဝေဒနာများ ခံစားနေရတဲ့ လူနာများအား NLD-BG လူငယ်များမှ သွားရောက် ကူညီ၊ ကုသ၊ လှူဒါန်းပေးအပ်..



တောင်ဒဂုံ လေးဒေါင့်ကန် စံပြရပ်ကွက်ရှိ ၀မ်းလျှော ၀မ်းပျက် ဝေဒနာများ ခံစားနေရတဲ့ လူနာများအား NLD-BG လူငယ်များမှ သွားရောက် ကူညီ၊ ကုသ လှူဒါန်းပေးအပ်.. 
(သတင်း၊ ဓာတ်ပုံ မေမေ့သားလင်းဆက်)

       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLD-BG လူငယ်များမှ၊ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ လေးဒေါင့် ကန်စံပြရပ်ကွက်ရှိ ပခန်းပိုင်း၊ တောင်ဘက်ကမ်းပိုင်း၊ ဘောလုံးကွင်းပိုင်း၊ အောင်မင်္ဂလာပိုင်း၊ ဘူတာပိုင်း၊ ရွာလယ်ပိုင်းများတွင် ၀မ်းပျက်၊၀မ်းလျှောဖြစ်နေသော ဒေသခံများရှိရာသို့ သွားရောက်၍ ဓာတ်ဆားထုတ်များ၊ သောက်ရေသန့်များ၊ ဆပ်ပြာခဲများ၊ ဆေးဝါးများကို ဝေဒနာရှင်များ နေထိုင်ရာနေအိမ် အသီးသီးသို့ NLD-BG တာဝန်ခံ ဒါရိုက်တာ ကိုညီညီ၊ NLD-BG ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ကျော်စွာဦးနှင့် NLD-BG လူငယ်များ၊ နောက် ဒေသခံ NLD-ရပ်ကျေး ဥက္ကဋ္ဌ ဦးအေးသွင်၊ ရာအိမ်မှူး ကိုနေ၀င်း တို့နှင့်အတူ သွားရောက် လှူဒါန်းနိုင်ခဲ့ပါသည်။
           ဒေသခံရာအိမ်မှူး ကိုနေ၀င်း၏ ပြောကြားချက်အရ-အခုလို ၀မ်းပျက် ၀မ်းလျှောတွေဖြစ်နေတာ တစ်ပတ်လောက်ရှိနေပြီး၊ထိုရောဂါဝေဒနာကြောင့်ပဲသေသွားတဲ့ဝေဒနာရှင်တွေရှိသလို၊ဆေးရုံအသီးသီးသို့ တက်ရောက်ကုသနေသော ဝေဒနာရှင်များလည်းရှိသည်ဟုသိရှိရပါသည်။ ပိုဆိုးသည်မှာ ရပ်ကွက်တွင်းရှိ အိမ်တိုင်းအိမ်တိုင်း၌ ယင်လုံအိမ်သာမရှိလို့ ယင်လုံအိမ်သာတစ်လုံးကို မိသားစု များစွာက ခွဲဝေပြီး သုံးစွဲနေကြရတာက ဝေဒနာရှင်တွေအတွက် ၊အနီးနား မိသားစုတွေအတွက် ဖြစ်နေဆဲဝေဒ နာကို လက်ယက်ပြီး စိန်ခေါ်နေသလိုပဲဟုလည်းသိရှိရပါသည်။ ယနေ့ ညနေပိုင်း ၇း၂၀ အချိန် တစ်အိမ်ဆင်း၊ တစ်အိမ်တက် ဝေဒနာရှင်များကို ကုသပြီးပြန်လာရာတွင် ရောဂါရရှိသူဦးရေမှာ အချိန်တိုင်း၊ မိနစ်တိုင်းဦးရေ တိုးလာတဲ့ အတွက်ကြောင့် ၁၀၀ ကျော်ခန့် ရှိနေပြီဟု သိရှိခဲ့ရပါသည်။

           ထိုဒေသခံရာအိမ်းမှူး ကိုနေ၀င်းကပဲ တဆက်တည်း လေးဒေါင့်ကန် တိုက်နယ်ဆေးရုံ (စစ်မှု ထမ်းဟောင်း၊ စိုက်/မွေး ဆေးရုံ)ဆရာဝန်မှ ရပ်ကွက်အတွင်း ထုံးတွေဖြူးပေးဖို့နှင့် ယင်လုံအိမ်သာ တွေကိုစစ်ဆေး၊ ၀မ်းနူးမည့် အစားအသောက်များ မစားသောက်ဖို့အတွက်ကို ရပ်ကွက်အတွင်း ဆင်းပြီး မှာကြား သွားသည်ဟုလည်း သိရှိရပါသည်။ 

           ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ NLD-BG တာဝန်ခံ ဒါရိုက်တာက လက်ရှိခံစားနေ ကြရသော ဝေဒနာရှင်များ အမြန်သက်သာလာနိုင်ဖို့အတွက် ယင်လုံအိမ်သာများအိမ်တိုင်းရရှိရေးနှင့် ဝေဒနာရှင်များအတွက် ဆေးဝါးများ၊ သောက်ရေသန့်များ၊ ဆပ်ပြာများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  NLD-BG နှင့် ပူးပေါင်း၍ လှူဒါန်းလိုလျင် အောက်ပါလိပ်စာအတိုင်း ဆက်သွယ်၍ လှူဒါန်းနိုင် ကြောင်းကို သိရှိရပါသည်။

                      အမှတ် (၈၃၉၊ခ။) မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။ ကျန်းမာရေး မှတ်တိုင်။ ဖုန်း-၀၉-၇၃၁၂၅၈၈၅။ ၀၉-၄၉၃၂၈၀၅၅။ ၀၉-၄၂၁၀၈၀၃၆၁။

သတင်း၊ဓာတ်ပုံ။ ။ လင်းဆက်       

သတင်းရင်းမြစ်    ဒီမိုဝေယံ
>>>ဆက်ဖတ်ရန်>>> >>