အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, June 14, 2012

ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်ရပ် လူမျိုးတုံး သတ်ဖြတ်မှု မဟုတ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ရုန်းရင်းဆန်ခတ် အကြမ်းဖက် ဖြစ်ရပ်တွေကို လူမျိုးတုန်း သတ်ဖြတ်မှု Genocide ဖြစ်ရပ်လို့ မခေါ်ဆိုနိုင်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ပဋိပက္ခဒဏ်သင့် လူထုဟာ ထိတ်လန့် ကြောက်ရွံ့နေဆဲ၊ မလုံခြုံမှုကို ခံစားနေရဆဲ ရှိတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က ပြောပါတယ်။ ဒီအခြေအနေဟာ လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်နိုင်တဲ့ အလားအလာ ရှိတာကြောင့် နိုင်ငံတကာ
စံနှုန်း စံထားတွေနဲ့ အညီ ကိုယ်တွယ်ဖို့ လိုသလို ဒီဖြစ်ရပ်အပေါ် မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံကိုလည်း ကုလ သမဂ္ဂက အသိအမှတ်ပြု ချီးကျူးပြောဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှာ လှည့်လည် ကြည့်ရှုပြီးတဲ့နောက် ဇွန်လ ၁၄ ရက် ညနေပိုင်းက ရန်ကုန် လေဆိပ်မှာ ဆိုက်ရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဘန်ကောက်အခြေစိုက် ဗွီအိုအေသတင်းထောက် ဒန်နီယယ်လ် ဘန်းန်စတိုင်း (Danielle Bernstein) က သီးခြား ဆက်သွယ် မေးမြန်း တာကို ဖြေဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်က ရုန်းရင်းဆန်ခတ် အခြေအနေကို တချို့က လူမျိုးတုန်း သတ်ဖြတ်မှုလို့ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အဲဒီလို မယူဆကြောင်း မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

“အဲဒီ ဝေါဟာရဟာ ဒီသီးခြားဖြစ်ရပ်မှာ အသုံးပြုလို့ ရတယ်လို့ ကျနော် မယူဆပါဘူး။ ကျနော်တို့ရထားတဲ့ သတင်းတွေအရ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၁ ဦး ရှိပါ တယ်။ ဒီလို အကြမ်းဖက် ဖြစ်ရပ်တိုင်းမှာ သေဆုံးသူတိုင်းကို မသိနိုင်ဘူးဆိုတာ ကျနော် သဘောတူပါတယ်။ ဒါပေမဲ့လည်း အဲဒီ သေဆုံးမှုတွေကို လူမျိုးတုန်း သတ်ဖြတ်မှုလို့ ကျနော်တော့ မသတ်မှတ်ပါဘူး။” လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာသမ္မတဆီ ပါးလိုက်တဲ့ အမှာစကားထဲမှာ ရခိုင်ပြည်ဖြစ်ရပ်ဟာ လက်ရှိ အပြောင်းအလဲ လုပ်ငန်းစဉ်အပေါ် သက်ရောက်နိုင်တာကြောင့် သတိထား ကိုင်တွယ်ဖို့ အကြံပေးခဲ့ပြီးတော့ သမ္မတကလည်း ဒါကို အပြည့်အ၀ သတိပြုမိပြီး ကိုင်တွယ် ဖြေရှင်းခဲ့တယ်လို့ မစ္စတာ နမ်ဘီးယားက ယူဆပါတယ်။

“ဒီဖြစ်ရပ်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တခုလုံးအပေါ် သက်ရောက်နိုင်တဲ့ အလားအလာ ရှိတာကြောင့် အထူးသတိထားပြီးတော့ နိုင်ငံတကာ စံနှုန်း စံထားတွေနဲ့အညီ ကိုင်တွယ်ဖို့ လိုမယ်လို့ အတွင်းရေးမှူးချုပ်က အမှာစကား ပါးခဲ့ပါတယ်။ သမ္မတကလည်း တရားဥပဒေ စိုးမိုးရေးအတွက် အခိုင် အမာသန္နိဋ္ဌာန် ချထားတယ်လို့ ပြောသလို ဘေးဒဏ်သင့်တဲ့ လူမှုအဖွဲ့အစည်း အားလုံးကို လုံလောက်တဲ့ အထောက်အပံ့ ပေးသွား မယ်လို့ ပြောခဲ့တာကြောင့် အခြေအနေကို အပြည့်အ၀ သတိပြုမိပြီး တုန့််ပြန်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။” လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

မစ္စတာ နမ်ဘီးယားဟာ ပြည်ထောင်စုအစိုးရ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ အတူ မောင်တောမြို့မှာ လှည့်လည် ကြည့်ရှုပြီး ပျက်စီးခဲ့တဲ့ နေရာတွေနဲ့ အိုးအိမ်စွန့် ထွက်ပြေးသူတွေ ခိုလှုံနေတဲ့ နေရာ လေးခုဆီသွားပြီး ဒုက္ခရောက်နေသူ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မောင်တောမှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်ပေမဲ့ ဘေးဒဏ်သင့် လူထုကတော့ အိမ်မပြန်ရဲကြသေး ဘူးလို့ သူက ဆိုပါတယ်။

“သူတို့ထဲက အတော်များများဟာ ထိတ်လန့် ကြောက်ရွံ့နေဆဲဖြစ်ပြီး မလုံခြုံမှုကို အပြင်းအထန် ခံစားနေရဆဲ၊ လူတွေကြားမှာ ယုံကြည်မှု အားနည်းနေဆဲ၊ ဖျက်ဆီးခံရတဲ့ထဲမှာ သူတို့အိမ်တွေ ပါမသွား သူတွေတောင်မှပဲ အိမ်မပြန်ချင်ကြဘဲ ရှိနေပါသေးတယ်။” လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

သူနဲ့အတူ လိုက်ပါပြီး တွေ့ဆုံ ဆွေးနွေးတာတွေမှာ အတူရှိနေခဲ့တဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ စိတ်ရှည် သည်းခံစွာနဲ့ နှစ်ဘက်စလုံးက အသံတွေကို နားထောင်ချင်စိတ် ရှိပုံကိုလည်း သူက အသိ အမှတ်ပြု ချီးကျူး ခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်က ရုန်းရင်းဆန်ခတ် အကြမ်းဖက် ဖြစ်ရပ်တွေအပေါ် လူအများအပြားရဲ့ တုန့်ပြန်ပုံတွေထဲမှာ လူမျိုးရေးနဲ့ ဘာသာရေး အစွန်းရောက်စွာ တုန့်ပြန်တာတွေ ရှိနေတာကိုလည်း မစ္စတာ နမ်ဘီးယားက သတိပြုမိပုံ ရပါတယ်။ ဒါပေမဲ့လည်း လူတိုင်းဟာ သတိထားပြီးတော့ လူမျိုးရေး မုန်းတီးမှုအခြေခံနဲ့ တုန့်ပြန်တာမျိုးကို ပိုပိုပြီး ရှောင်ရှား လာနေကြပြီလို့ သူကထင်ပါတယ်။

“ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တခုလုံးကို အန္တရာယ် ဖြစ်စေ တယ်ဆိုတာ သူတို့ နားလည် လာကြပါတယ်။ ထိပ်ပိုင်း ခေါင်းဆောင်တွေက အလေးအနက်ထား ပြောနေတဲ့ အမှာ စကားတွေဟာ အောက်ခြေအဆင့်ထိ ရောက်သွားဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ်။ ပြီးတော့ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒီကိစ္စကို ဖြေရှင်း ဆောင်ရွက်ဖို့ လိုမယ်ဆိုတဲ့ သတိပြုမိမှုမျိုး ရှိနေပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားက ဗွီအိုအေကို ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်က လူမှု အ၀န်းအ၀ိုင်းတွေကြားထဲမှာ မယုံကြည်မှု ရှိနေပြီး အတော့်ကို သတိထား ကိုင်တွယ်ရမယ့် ကိစ္စ ဖြစ်ပြီးတော့ စိတ်ရှည် သည်းခံစွာ လုပ်ဆောင်မှုတွေကနေ တဆင့် အဲဒါကို ပြင်ဆင် သွားဖို့ လိုအပ်ပါတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူဦးရေ ၈၀၀,၀၀၀ ၀န်းကျင်ရှိပြီး သူတို့ဟာ ကမ္ဘာပေါ်မှာ ဆိုးရွား စွာ ပြုမူဆက်ဆံမှုကို အခံစားရဆုံး သူတွေဖြစ်တယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထား တာ ဖြစ်ပါတယ်။

သတင်းရင်းမြစ် VOA
>>>ဆက်ဖတ်ရန်>>> >>

အခြေအနေအေးချမ်းစေပြီး တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ဟု နှစ်ဖက် အဖွဲ့အစည်းခေါင်းဆောင်များကို သံရုံးယာယီ တာဝန်ခံ မစ္စတာ မိုက်ကယ် သာစတန်တိုက်တွန်း

အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ မစ္စတာ မိုက်ကယ် သာစတန်သည် မွတ်ဆလင်နှင့် ရခိုင်ပါတီခေါင်းဆောင်များနှင့် သီးခြားစီ ယနေ့ တွေ့ဆုံပြီး လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် မငြိမ်မသက်မှုများ အေးချမ်းသွားစေရန် တိုက်တွန်းကာ ယင်းဖြစ်ရပ်များ အပေါ် စိုးရိမ်လျှက်ရှိကြောင်း တွေ့ဆုံမှု အပြီး ထုတ်ပြန်သည့် ကြေညာချက်အရ သိရှိရသည်။

ယခုလောလောဆယ်တွင် သက်ဆိုင်ရာ အုပ်စုအဖွဲ့အစည်းတိုင်း အေးချမ်းစွာရှိဖို့ လိုအပ်ပြီး  တွေ့ဆုံ ဆွေးနွေးရန်လည်း လိုအပ်လျှက်ရှိကာ တွေ့ဆုံဆွေးနွေးဖို့ရာ ပထမဦးဆုံး အနေဖြင့် အခြေအနေ တည်ငြိမ်အေးချမ်းမှ ဖြစ်နိုင်မည် ဟု သံရုံးယာယီတာဝန်ခံက ပြောဆိုခဲ့သည်။

သံရုံးယာယီတာဝန်ခံနှင့် ယနေ့ တွေ့ဆုံရာတွင် ရခိုင်အမျိုးသားများ ဘက်မှ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ RNDP ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်နှင့် ဦးသိန်းရွှေ ၊ မွတ်ဆလင်အဖွဲ့အစည်း များဖြစ်ကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီ အဖွဲ့ဋ္ဌာနချုပ်၊ အိုလမာ အစ္စလာမ့်သာသနာ ပညာရှင်များ အဖွဲ့ချုပ်၊ အစ္စလာမ် သာသနာရေးရာကောင်စီဋ္ဌာနချုပ်၊ မြန်မာမွတ်ဆလင် လူငယ်များ (ဘာသာရေး) အဖွဲ့ နှင့် မြန်မာမူဆလင်အမျိုးသားရေးရာ အဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ ပါဝင်ကြသည်။

ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းအများအပြားမှာ ယခုမငြိမ်မသက်မှုကြောင့် ဒုက္ခခံစားနေကြ ရကြောင်း ပြည်သူလူထု၏ မည်သည့် ဆန္ဒဖေါ်ထုတ်မှုမဆို ငြိမ်းချမ်းစွာပင် ဖြစ်သင့်ကြောင်းလည်း သံရုံး ယာယီတာဝန်ခံ က ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြန်မာအစိုးရအနေဖြင့်လည်း ပွင့်လင်းမြင်သာမှုရှိပြီး မြန်ဆန်သည့် စုံစမ်းစစ်ဆေးရေး တစ်ရပ်ကို လုပ်ဆောင် သွားရန် အမေရိကန်နိုင်ငံအနေဖြင့် အားပေးတိုက်တွန်းကြောင်းလည်း မစ္စတာမိုက်ကယ် သာစတန်က ဖေါ်ပြပြောဆိုထားသည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် အကြမ်းဖက်မှုကြောင့် မငြိမ်မသက်မှုကြောင့် ဒုက္ခခံစားနေရသူ များအား အကူအညီပေးအပ်ဖို့ ယခုရက်ပိုင်း နေပြည်တော်သို့ရောက်ရှိစဉ် အမေရိကန် သံရုံးယာယီ တာဝန်ခံက မြန်မာအစိုးရအာဏာပိုင်များအား ကမ်းလှမ်းခဲ့ကြောင်းလည်း ကြေညာချက် အရ သိရှိရသည်။

ယခင်သီတင်းပတ် သောကြာနေ့တွင် ရခိုင်ပြည်နယ် မငြိမ်မသက်မှုများ စတင်ဖြစ်ပွားခဲ့သည့်နောက် အမေရိကန်ပြည်ထောင်စု အနေဖြင့် ကြေညာချက် ၃စောင် ထုတ်ပြန်ခဲ့သည်။

ပထမကြေညာချက်ကို အမေရိကန် နိုင်ငံခြားရေးဋ္ဌာနမှ ဗစ်တိုးရီးယား နူးလန်က ထုတ်ပြန်ပြီး ဒုတိယကြေညာချက်ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာ ချက်များ ထုတ်ပြန်အပြီး ရက်ပိုင်းအတွင်း သံရုံးယာယီတာဝန်ခံက နှစ်ဖက် ခေါင်းဆောင် များနှင့် တွေ့ဆုံပြီး ယခုကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လတ်တလော ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှုများကြောင့် ယမန်နေ့ထိ သေဆုံးသူ ၂၉ ဦးနှင့် ဒဏ်ရာရသူ ၃၈ ဦး၊ လူနေနအိမ် ၂၅၂၈ လုံး၊ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ ဗလီ ၇ လုံး နှင့် စာသင်ကျောင်း `၆ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားခဲ့သည်။ 
 သတင်းရင်းမြစ် Yangon Press International (YPI)
>>>ဆက်ဖတ်ရန်>>> >>

မူစယ် ၁၀၅ မိုင် ရှောင်ကွင်းလမ်းတွင် ဂိတ်ဖွင့်၍ ကယ်ရီကားများကို အခွန်ကောက်


တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း အတွင်းရှိ မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကုန်စစ်ဆေးရေး ဂိတ်အား ရှောင်ကွင်းသည့်လမ်းပေါ်တွင် ဂိတ်များဖွင့်၍ အခွန်ကောက်နေကြောင်း ဒေသခံ တချို့ အဆိုအရသိရသည်။

၁ မိုင်ခန့်သာ ရှည်လျားသည့် မော့တောင်းရွာအုပ်စုအနီး ခိုခေးလမ်းပေါ်တွင် စစ်မှုထမ်းဟောင်း နှင့်ပြည်သူ့စစ်အဖွဲ့ များမှ အနည်းဆုံး ဂိတ် ၅ ခုခန့် ဖွင့်လှစ်၍ ငွေကောက်ခံနေခြင်း ဖြစ်ပြီး ၄င်းဂိတ်များ ဖွင့်ခွင့်ရရန် မူစယ် ၁၀၅ မိုင်ရှိ ရဲစခန်းမှူးအား ငွေပေးရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည် ။

“ပန်းဆိုင်း - နမ့်တောင်းဘက်ကထွက်လာတယ်လေ။ ၁၀၅ မိုင်ကို ကွင်းတဲ့လမ်းပေါ့ ၁၀၅ မိုင် စခန်းမှူး ဆီမှာကိုစိုးဝင်း ဆိုတဲ့ လူ အခွန်ဆောင်ထားတာ။ သူက တစ်ဂိတ်ဖွင့်တယ်။ သူ့အဖေက တစ်ဂိတ် မုံးပုတ် ပြည်သူ့စစ်က တစ်ဂိတ် ၊ KDA က တစ်ဂိတ် ၊ စစ်မှုထမ်းဟောင်းက တစ်ဂိတ်ပေါ့ သူတို့ဖွင့်ထားတာ ” ဟု ဆိုသည် ။

ဂိတ်ကြေးငွေ အဖြစ် တစ်ဖွဲ့လျှင် တစ်လ ကျပ် ၁ သိန်းဝန်းကျင် ပေးဆောင်ရပြီး တရားမဝင်သယ်ယူသည့် ကယ်ရီ ကုန်များ အဆိုပါလမ်းအတိုင်း သွားလာသည်ဟု ဆိုသည် ။ အဆိုပါဂိတ်များတွင် ပေးဆောင်ရမည့် ကယ်ရီခကို  သီးခြားသတ်မှတ်ထားခြင်း မရှိပဲ နှစ်ဦးနှစ်ဘက်ညှိနှိုင်း၍ ပေးဆောင်ရကြောင်း တုန်ဖုန်းကား တစ်စီး အနည်းဆုံး ကျပ် ၅၀ဝ၀ နှင့် ထော်လာဂျီ တစ်စီး ကျပ် ၃၀ဝ၀ ဝန်းကျင် ပေးဆောင်ရ ကြောင်း သိရသည် ။

 သတင်းရင်းမြစ်သျှမ်းသံတော်ဆင့်
>>>ဆက်ဖတ်ရန်>>> >>

မသီတာထွေးအမှု စွပ်စွဲခံရသူများ တမှု ဝန်ခံ၊ နှစ်မှု ငြင်းဆို


နယူးဒေလီ (မဇ္ဈိမ) ။        ။ မေလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာသူ မသီတာထွေး အား အဓမ္မပြု သတ်ဖြတ်ကာ ပစ္စည်း လုယက်မှုတို့ဖြင့် စွပ်စွဲခံရသူ ရော့ပီးနှင့် ခိုချီး တို့ နှစ်ဦးက အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံဖြောင့်ချက် ပေးသော်လည်း လူသတ်မှုနှင့် လုယက်မှုကိုမူ မကျူးလွန်ခဲ့ ကြောင်း ကြာသပတေးနေ့ ရုံးတော်တွင် ငြင်းလိုက်ကြသည်။

မနက်ပိုင်းက ကျောက်ဖြူ ခရိုင်တရားရုံးတွင် တရားသူကြီး ဒေါ်ဌေးဌေးကြည်က ကြားနာခဲ့ရာတွင် စွပ်စွဲခံရသူ နှစ်ဦး ဘက်မှ တရားခံပြ သက်သေ တင်ပြခြင်း မရှိ၍ ခရိုင်ဥပဒေအရာရှိ ဦးစောမြ က ရုံးတော်သို့ စွဲချက် တင်သွင်းခဲ့ကြောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

“တရားခံဘက်က ပြစ်မှုဥပဒေပုဒ်မ ၃၇၆ မုဒိန်းမှုကို သူတို့ကဝန်ခံပြီးတော့ ကျန်နှစ်မှုကို ငြင်းတယ်။ ဒါပေမယ့် ပစ္စည်းလုတဲ့ စွဲချက်ရယ်၊ လူသတ်တဲ့ စွဲချက်ရယ် ဒီနှစ်ခုကို ငြင်းတယ်လို့ သိရပါ တယ်။ ငြင်းတဲ့အတွက်ကြောင့် မနက်ဖြန်ခါ ရုံးချိန်မှာ တရားခံ နှစ်ယောက်ကို စစ်မယ်” ဟု မဇ္ဈိမ ကို ပြောသည်။
mathitharhtwe
ရုံတော်တွင် ဝန်မခံသည့် ယင်းအမှုများအတွက် ဆက်လက် ထုချေရမှာဖြစ်ပြီး တရားရုံးတော်က ဆက်လက်ကြားနာ စစ်ဆေးသွားမှာဖြစ်ကြောင်း ဦးဘရှိန်က ဆက်ပြောသည်။

“ဝန်မခံတဲ့ဟာကတော့ ဥပမာ ပစ္စည်းမယူဘူးပေါ့ဗျာ၊ မယူရင် မယူဘူးဆိုတဲ့အကြောင်း သူပြောပေါ့။ လူသတ်တဲ့ ဟာမှာ သူ မပါရင် မပါတဲ့အကြောင်း သူပြောပေါ့” ဟု ဆိုသည်။

ထိုအမှုတွင် စွပ်စွဲခံရသူ သုံးဦးအနက် ထက်ထက် (ခ) ယော်ရှီး (ခ) ဖြိုးဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင်တွင် ခါးဝတ်ပုဆိုးဖြင့် ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့၍ ရော့ပီးနှင့် ခိုချီး တို့ဦး နှစ်ဦးသာ အမှုကို ဆက်လက်ရင်ဆိုင် သွားရန်ရှိသည်။

ယင်းအမှုတွင် တရားလိုဘက်မှ သက်သေ ၂၄ ဦး၏ သက်သေထွက်ဆိုချက်များ ရှိပြီး စွပ်စွဲခံရသူများဘက်မှ လိုက်ပါ သည့် သက်သေ မရှိသေးကြောင်း သိရသည်။အခင်းဖြစ်ပွားသည့် မေလ ၂၈ ရက်နေ့ ညတွင်ပင် မသင်္ကာသူ သုံးဦးကို ဒေသခံရဲများက ဖမ်းဆီးထားခဲ့သည်။ ရုံးတင် စစ်ဆေးမှုများကို ဇွန်လ ၈ ရက်နေ့ (သောကြာနေ့)မှ စတင်ကြားနာခဲ့ပြီး ငါးရက်တိုင် ဆက်တိုက် စစ်ဆေးနေခြင်းဖြစ်သည်။

မသီတာထွေး အဖြစ်အပျက်မှ စတင်၍ ရခိုင်ပြည်နယ်တွင်းတွင် လက်စားချေ သတ်ဖြတ်မှုများ၊ လူမျိုးရေး အမုန်းပွားမှု များ၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး “အရေးပေါ် အခြေအနေ” ကို နိုင်ငံတော်သမ္မတ က ရခိုင်တပြည်နယ် လုံးအား ရက်အကန့်အသတ်မရှိ ထုတ်ပြန်ကြေညာရသည်အထိ သည်းသန် ပြင်းထန် လာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လတ်တလော ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် ဇွန်လ ၈ ရက်မှ ၁၁ ရက်နေ့အတွင်း လူ ၂၁ ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ ဇွန်လ ၁ဝ ရက်နေ့တွင် ရခိုင်ပြည်နယ်အား အရေးပေါ်အခြေအနေ ကြေညာ ထုတ်ပြန်ထား သော်လည်း ယခုချိန်ထိ အခြေအနေမှာ တည်ငြိမ်းအေးချမ်းခြင်း မရှိသေးပေ။

သတင်းရင်းမြစ်း  မဇ္ဈိမ
>>>ဆက်ဖတ်ရန်>>> >>

မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာရွာသွန်း၊ အိမ်ခြေ(၁၀၀)ရေနစ်မြုပ်

လုဆိုင်း (မြစ်ကြီးနား)
by Myit Makha Mediagroup on 14 Jun, 2012

မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဇွန်လ(၁၃)ရက်နေ့မှစ၍ အိမ်ခြေ ၁၀၀ နီးပါးခန့် ရေနစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။ မြစ်ကြီးနားမြို့ရှိ ဧဒင်၊ စံပြ၊ ထွယ်ဆန်၊ မြို့သစ်ကြီးကွက်သစ်နှင့် ဒူကထောင်လယ်ကွက်အိမ်ခြံများတွင် မိုးရေများ အိမ်တစ်ဝက်ကျော် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

 “အိမ်ပေါ်က အောက်ဆင်းလိုက်တာနဲ့ရေက ခါးကျော်နေပြီ၊ ထမင်းတောင်မှ ကုန်းပေါ်အပြင်မှာဘဲ ချက်စား နေရတယ်။” ဟု အိမ်ရေနစ်နေသော မိသားစုတစ်ခုက ပြောသည်။

ဇွန်လ(၁၃) ရက်ညအချိန်တွင် မိုးဆက်တိုက်ရွာခြင်းကြောင့် ရေတက်လာခဲ့ခြင်းဖြစ်သည်။

“ရေက ည(၁၀)နာရီလောက်မှာ အိမ်ထဲဝင်လာတယ်၊ တစ်ညလုံးပစ္စည်းတွေ သိမ်းရပြီး မအိပ်ခဲ့ရဘူး။” ဟု ရေနစ်အိမ်ထောင်စုတစ်စုမှ အမျိုးသမီးတစ်ဦးက  ပြောသည်။

လတ်တလောတွင် ရေကျသွားခြင်းမရှိသဖြင့် အိမ်အပြင်သို့ ၀ါးဖောင်များပြုလုပ်ကာ သွားလာနေရကြောင်း ကိုလည်း တွေ့ရှိ ရသည်။   ရေကြီးနေခြင်းကြောင့် အစိုးရမူကြိုကျောင်းမှာ ယနေ့မှ ခေတ္တ ပိတ်ထား လိုက်ကြောင်း သိရသည်။

မြစ်ကြီးနားမိုးရေချိန် ဇွန်လ (၁၃)ရက်နေ့တွင် ၀.၈၀mm(3.15inches)ရှိပြီး ဇွန်လ (၁၄)ရက်နေ့တွင်မူ 245mm (9.64inches) ထိရောက်ရှိသွားကြောင်းကို မြစ်ကြီးနားလေကြောင်းမိုးလေ၀သခန့်မှန်းရေးရုံးက သိရသည်။ ထို့အတူ ၀ိုင်းမော်မြို့တွင် ဇွန်လ (၁၄)ရက် မိုးရေချိန် 13.02inches ထိရှိနိုင်ကြောင်း သိရှိရသည်။
 
သတင်းရင်းမြစ်း  သစ်ထူးလွင်
>>>ဆက်ဖတ်ရန်>>> >>

SSPP/SSAအားငြိမ်းချမ်းရေးဖော်ဆောင်ရေးအဆင့် တိုးမြင့်ဆွေးနွေးဖို့ ဦးသိန်းဇော် ဖိတ်ခေါ်စာပေးပို့


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ (၃) ဦးသိန်းဇော်မှ သျှမ်းပြည်တပ် မတော် SSPP/SSA ထံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဆင့်တိုးမြင့်ဆွေးနွေးဖို့  ဖိတ်ခေါ်စာပေးပို့ခဲ့ကြောင်း SSPP/SSA နှင့်နီးစပ်သော သတင်းရပ်ကွက်က ဆိုပါ သည်။

“၂၀ ရက်နေ့နောက်ပိုင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ SSPP ကကိုယ်စားလှယ်တွေကို ဖိတ်ခေါ်တယ် ဆိုတဲ့ စာတစောင်  ဦးသိန်းဇော်က ပို့လိုက်တယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဆင့်တိုးမြင့်ဆွေးနွေးဖို့ လို့ပြောတယ်။ ဘာ အကြောင်းတွေ ဆွေးနွေးမယ်ဆိုတာတော့ သီးခြားခေါင်းစဉ်မတပ်လာဘူး” ဟုသျှမ်းပြည် တပ်မတော်မြောက်ပိုင်းတပ်ဖွဲ့ဟု လူသိ များသည့် SSPP/SSA နှင့်နီးစပ်သော အသိုင်းအဝိုင်းက သျှမ်းသံ တော်ဆင့် အားပြောသည်။



မန်မာအစိုးရကိုယ်စားလှယ်နှင့် သျှမ်းပြည်တပ် မတော် SSPP/SSA တို့ တောင်ကြီး၌ တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ- Burmavjmedia)
 
အလားတူ ဖိတ်ခေါ်စာမျိုး သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့လည်းလက်ခံရရှိကြောင်း ကြားသိရပြီး ပန်ဆန်းဌာနချုပ်ကိုမူ  ဖိတ်ခေါ်ကြောင်းမကြားရ ဟုပြောသည်။ယခုနှစ်ဆန်းပိုင်း တောင်ကြီးမြို့၌ သျှမ်းပြည် တပ်မတော် SSPP/SSA နှင့်မြန်မာအစိုးရကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ ပဏာမ အဆင့်ဖြစ်သော အပစ်ရပ်ရေး သဘောတူညီချက်ရရှိကာပြည်ထောင်စု အဆင့်ပါ တပြိုင်နက်ဆွေးနွေး နိုင်ခဲ့သည်။ သို့သော် နှစ်ဦးနှစ်ဖက်ကြား ပစ်ခတ်မှုဆက်ရှိနေသေးကြောင်း သိရသည်။ 
 
“ကျနော်တို့ တောင်ကြီးမှာအပစ်ရပ်ရေး ဆွေးနွေးသဘောတူပြီးနောက်ပိုင်း မြန်မာအစိုးရရဲ့ စစ်တပ်က အင်အားဆက် လက်တိုးချဲ့နေတာကြောင့် ကျနော်တို့ SSPP/SSA တပ်ဖွဲ့နဲ့ ၁၇ ကြိမ်ထက်မနဲ ပစ်ခတ်မှု ရှိခဲ့တယ်။ တိုက်ပွဲအများစုဟာလည်း မြန်မာစစ်တပ်ဖက်က စတင်ပစ်ခတ်တိုက်ခိုက်တာ ဖြစ်တယ်။ ကျနော် တို့ဖက်ကတော့ မိမိကိုယ်မိမိကာကွယ်တဲ့ အနေနဲ့ဘဲ” ဟု အဆိုပါ သတင်းရပ်ကွက်က ဆက်လက် ပြော ပြ သည်။
 
SSPP/SSA နှင့်မြန်မာအစိုးရ၏ စစ်တပ်အကြား နောက်ဆုံးအကြိမ်ဖြစ်ပွါးသော တိုက်ပွဲမှာ ယခုလဆန်း ၆ ရက်ကဖြစ်ပြီး သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ၌ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲမှ မြန်မာအစိုးရ တပ်မတော် သား ၃ ဦးကျဆုံးရာ ဗိုလ်ကြီးတဦးလည်း ပါဝင်ကြောင်း SSPP/SSA ကပြောပါ သည်။ အလားတူ မိုးမိတ်မြို့နယ်အတွင်း၌ လည်းပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး သေကြေဒဏ်ရာရမှုကိုတော့ မသိရ သေးဟုလည်းပြော ပါသည်။ 
 
ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအန်းင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည် တပ်မတော်  SSPP/SSA တို့ပူးပေါင်းကာကချင်တပ်ဖွဲ့ တပ်ချလှုပ်ရှား နယ်မြေ အတွင်း ဦးတည်သည့် မြန်မာစစ်ယာဉ်တန်း အား မတ်လ ၂ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United nationality Federal Council) UNFC ၏ မတ်ခ်ျလ စာစောင်၌ ရေး သားေ ဖ်ာပြထားသည်။

 သတင်းရင်းမြစ်သျှမ်းသံတော်ဆင့်
>>>ဆက်ဖတ်ရန်>>> >>