နော်ဝေနိုင်ငံအနေဖြင့် မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် နည်းပညာနှင့် အထောက်အပံ့များ ကူညီသွားမည် ဖြစ်သည်ဟု နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr.Torgeir Larsen က မေ ၂၈ ရက်က ကျောက်ကြီးမြို့နယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နော်ဝေနိုင်ငံအနေဖြင့် အမြန်ဆုံးဖော်ဆောင်နိုင်သည့် ကိစ္စများ၊ ဥပမာအားဖြင့် မြေမြုတ်မိုင်းရှင်းလင်းရေးတွေမှာ ကူညီသွားမှာဖြစ်ပြီး ရွှေ့ပြောင်းဒုက္ခသည်များ(IDP - Internally Displace People)နေရပ်ပြန်လာသည့် အခါ တွင်လည်း ဘ၀ရပ်တည်နိုင်ရေးအတွက် လိုအပ်သော ပစ္စည်းကိရိယာများ နည်းပညာအရင်းအမြစ်များကို ထောက်ပံပေးသွားမည် ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထို့အပြင် နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ဒေါ်လာငါးသန်းကူညီသွားမည်ဖြစ်ပြီး ထပ်မံကူညီရန်ရှိကြောင်း၊ နော်ဝေနိုင်ငံသည် အတွေ့အကြုံများရှိခဲ့ခြင်းကြောင့် အခြား ထောက်ပံကူညီမည့် နိုင်ငံများနှင့်လည်းပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်ဟု မစ္စတာလာဆန် ကပြောကြားခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က “Peace process (ငြိမ်းချမ်းရေးလမ်းစဉ်) မှာ အပစ်အခတ် ရပ်ဆဲရေးလုပ်မယ် ၊ပြီးတော့ ဒီဘက်တွေ မှာ မိုင်းရှင်းမယ် ” ဟုပြောသည်။
ပြီးခဲ့သည့် ၆၄ နှစ်တာကာလအတွင်း KNU နှင့် မြန်မာစစ်တပ်တို့ နှစ်ဦးနှစ်ဖက်ထောင်ထားသော မြေမြှုပ်မိုင်းပေါင်းများစွာရှိနေကြောင်း ကျောက်ကြီးမြို့နယ် KNU စည်းရုံးရေးတာဝန်ခံဗိုလ်ကြီးဂျိုးဂျိုးကပြောသည်။
“နှစ်ဖက်စလုံးမိုင်းတွေထောင်ကြတာဘဲ၊ ကျွန်တော်တို့မိုင်းတွေက လက်လုပ်တွေဆိုတော့ တစ်နှစ်၊ နှစ်နှစ်လောက်အတွင်းပျက်စီးသွားတတ်တယ်။ သွားရဲရင် တစ်နှစ်လောက်ဆို သွားလို့ရတယ်။ ဟိုဘက်ကထောင်တာပလပ်စတစ်မိုင်းတွေ အော်ရီဂျင်နယ်ဆိုတော့ နှစ်အကြာကြီးခံတယ်”ဟုဗိုလ်ကြီးဂျိုးဂျိုးကဆိုသည်။
International Campaign to Ban Land Mines(ICBL) ၏စာရင်းများအရ ကမ္ဘာပေါ်တွင် ကိုလံဘီယာနှင့် အာဖဂန်နစ်စတန်ပြီးလျှင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် တတိယ နေရာတွင် ရှိသည်။
ပြီးခဲ့သည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂၄၀၀ ကျော် ထိခိုက်ဒါဏ်ရာရခဲ့သည်ဟု ICBL ၏ အစီရင်ခံစာများတွင်ဖော်ပြသည်။ ။
သတင်းရင်းမြစ်း Yangon Press International (YPI)
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။