အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, May 30, 2012

ပစ်ခတ်မှုကြောင့် မူဆယ်-လားရှိုး သွားလာမှုရပ်ဆိုင်း



တရုတ်-မြန်မာ ကုန်သွယ်မှုအဓိကလမ်းကြောင်းဖြစ်သည့် လားရှိုး-ကွတ်ခိုင်-မူဆယ်လမ်းပိုင်းတွင် KIA တပ်ဖွဲ့မှ ကုန်ကားများနှင့် လူစီးယာဉ်များသည် ပစ်ခတ်မှုများရှိနေသဖြင့်  မေလ(၂၈)ရက်နေ့ကစတင်၍ ကုန်သွယ်သွားလာမှုများ ရပ်ဆိုင်းထားရကြောင်း အဝေးပြေးကားလိုင်းများက ပြောသည်။

“ကွတ်ခိုင်ဘက်မှ တက်လာတဲ့ကုန်ကားတွေ Express ကားတွေနဲ့ ဆိုင်ကယ်တွေကို ပစ်ခတ်နေတဲ့အတွက် သွားလာတာ မရှိတော့ပါဘူး ”ဟု မူဆယ်-မန္တလေး အဝေးပြေး ကားဂိတ်ပိုင်ရှင်တစ်ဦးကပြောသည်။

အဆိုပါပစ်ခတ်မှုများမတိုင်မီ ရက်ပိုင်းအတွင်းက KIA တပ်မဟာ(၄)မှ ဗိုလ်ကြီးအဆင့်ရှိသူဆိုသူက မူဆယ်မှ ကားဂိတ်များအား မေလ(၂၈)ရက်နေ့မှစတင်၍ အဆင်းအတက်မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပစ်ခတ် သွားမည်ဟု ဖုန်းဖြင့်ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း မူဆယ်မြို့ရှိ ကားဂိတ်ပိုင်ရှင် များက ပြောသည်။

“၂၈ ရက်နေ့ကနေစပြီး ဖြတ်တာနဲ့ပစ်မှာဆိုပြီး တရုတ်ဖုန်းနဲ့ ဂိတ်အားလုံးကို အကြောင်းကြားခဲ့တယ်”ဟု အမည်မဖော်လိုသူ မူဆယ်မြို့မှ ကားဂိတ်ပိုင်ရှင်တစ်ဦးကပြောသည်။

ယင်းကဲ့သို့ KIA မှ ကားဂိတ်များအား အကြောင်းကြား ပြောဆိုမှုရှိခဲ့သော်လည်း မန္တလေးမြို့မှ ခရီးသွားလုပ်ငန်း ယာဉ်ငယ်အချို့သည် စမ်းသပ်သွားလာခဲ့ရာ ကွတ်ခိုင်မြို့အထွက်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြုံတွေ့ ခဲ့ရ၍ မန္တလေးသို့ ပြန်လည့်လာခဲ့ရကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ခရီးသွားများထံမှသိရသည်။

“ပစ်မယ်ဆိုတာသိပေမဲ့ ၀မ်းရေးအတွက် ဒီအလုပ်ပဲရှိလို့ စမ်းပြီးတော့သွားတာ တကယ်ပစ်ခံရတယ်။ ကားနဲ့လူကိုတော့ မထိပါဘူး။ ထိအောင်မပစ်တာလည်း ဖြစ်နိုင်ပါတယ်”ဟု ယာဉ်ငယ် ခရီးသွားလုပ်ငန်းပိုင်ရှင် တစ်ဦးကပြောသည်။

အဆိုပါပစ်ခတ်မှုများကြောင့် ကုန်စည်သွားလာရပ်ဆိုင်းမှုသည် ကာလမည်မျှကြာမြင့်မည်ကို မခန့်မှန်းနိုင်သေးပဲ မူဆယ်မြို့ရှိကားဂိတ်ပိုင်ရှင်များအား KIA မှ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခြင်းလည်း မရှိကြောင်း သိရသည်။

“မြစ်ကြီးနားလမ်းပိုင်းကလည်း ပိတ်နေတော့ တရုတ်နဲ့ကုန်သွယ်ဖို့ မူဆယ်လမ်းပိုင်းတစ်ခုတည်းကို အားကိုး နေရတယ်။ ဒီလမ်းပိုင်းပိတ်သွားတာ ကုန်သည်တွေ၊ အလုပ်သမားတွေ၊ ကားသမားတွေ အခက်အခဲကြုံရမှာ” ဟု မန္တလေးမြို့မှ အဝေးပြေးဂိတ်ပိုင်ရှင်တစ်ဥိးကပြောသည်။

လက်ရှိကာလတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုသည် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်များအား အဓိက အားထားနေရသည်ဖြစ်ရာ ပစ်ခတ်မှု များပြားပြီး ကုန်စည်သွားလာပိတ်ဆို့မှုများ လနှင့်ချီ၍ ကြာမြင့်ပါက ပြည်တွင်းဈေးကွက်၌ တရုတ်ကုန်ဈေးနှုန်းများ တက်လာနိုင်ဖွယ်ရှိကြောင်း မန္တလေးမြို့ခံ ကုန်သည် အသိုင်းအ၀ိုင်းများက သုံးသပ်ကြသည်။

“လမ်းပိတ်တာကြာလို့ ကုန်စည်အ၀င်အထွက်မရှိရင် ဈေးကွက်သဘာဝအရ ဈေးတက်မှာထုံးစံပဲလေ”ဟု မူဆယ်မြို့ခံ ကုန်သည်တစ်ဦးကပြောသည်။

KIA တပ်မဟာ (၄)သည် ယခင်က ကွတ်ခိုင်နယ်တစ်ဝိုက်တွင် အခြေစိုက်ကျက်စားခဲ့ပြီး မြန်မာပြည်ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)လက်ထက်တွင် တပ်မတော်မှ အဆိုပါဒေသသို့ အလုံးအရင်းထိုးစစ်ဆင်ခဲ့ကာ  ယင်းဒေသ ဆယ်စုနှစ်တခုကျော် အေးချမ်းခဲ့သည့် နယ်မြေဖြစ်သည်။      ။


သတင်းရင်းမြစ်    Yangon Press International (YPI)

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။