အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, June 19, 2012

ရန်ကုန်လွှတ်တော်တွင်း မွန်ကိုယ်စားလှယ်ရရေး စတင်ကြိုးပမ်း



စံခလပူရီ (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်းအတွင်း နေထိုင်ကြသည့် မွန်လူမျိုးများ၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရှိ မှားယွင်းသည့် အချက်အလက်များကို ပြန်လည်ပြင်ဆင်ပေးရန် လူဝင်မှု ကြီးကြပ်ရေးဌာနသို့ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် မွန်တိုင်းရင်းသား တသိန်းခန့် နေထိုင်လျက်ရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီ AMRP က ခန့်မှန်းထားသော်လည်း ရန်ကုန်တိုင်း လဝက စာရင်းအရ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (ဝ.၁) ရာခိုင်နှုန်းဖြစ်သည့် ၅၇,ဝဝဝ ဦး မပြည့်မီသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ် တင်သွင်းခွင့် မရရှိခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာဗညားအောင်မိုး က ပြောသည်။

“ရန်ကုန်တိုင်းမှာ မွန်တိုင်းရင်းသားတွေ ဒီလောက်များတာတောင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် မရဘူး။ ဒါကို မပြင်နိုင်ရင် ရန်ကုန်မြို့ကနေ မွန်ကုန်မြို့ ဖြစ်သွားမယ်” ဟု မဇ္ဈိမကို ပြောသည်။

မွန်လူမျိုး ဖြစ်သော်လည်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များတွင် ဗမာ ဗုဒ္ဓဘာသာ ဟု ဖော်ပြခံ ထားရသည့်အတွက် AMRP ၏ တိုက်တွန်းချက်ဖြင့် ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ လက်အောက်ရှိ မွန်သာရေး နာရေး ကူညီမှုအသင်းက ပြင်ဆင်ရန် စီစဉ်ခြင်း ဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် အသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင် မှားယွင်း ဖော်ပြခံရသည့် မွန်တိုင်းရင်းများ စာရင်းကို စတင်ကောက်ယူသွားမည် ဖြစ်သည်ဟု ဆိုသည်။

“အဲဒီအစည်းအဝေးမှာ မွန်တွေ အားလုံးသိအောင် ပြောမယ်။ စာရင်းတွေ ရရင်တော့ ဒါဟာ ကျနော်တို့ ရှေ့ဆက်လုပ်ဖို့ အခြေခံတော့ ဖြစ်သွားမယ်။ ၂၀၁၄ မကုန်ခင် အပြီး လုပ်နိုင်လိမ့်မယ်” ဟု မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌနိုင်မင်းသောင်းသျှင်က ပြောသည်။

စာရင်းများ ကောက်ယူပြီးပါက အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို ပူးတွဲကာ လူဝင်မှု ကြီးကြပ်ရေး ဌာနသို့ပြင်ဆင်ပေးရန်အတွက် တင်ပြသွားမည် ဖြစ်သည်။

“ပြင်တာက သူတို့ ပြင်ပေးတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က လျှောက်လွှာတွေ တင်ပြီး အသိပေးရမယ်။ ဘယ်မှတ်ပုံတင်နံပါတ်၊ ဘယ်ရပ်ကွက်၊ ဘယ်ရွာ၊ အိမ်နံပါတ် ဘယ်လောက်။ နောက်တော့ အိမ်ထောင်စုစာရင်း အဲဒါတွေကိုပါ တွဲပြီး တင်ပြရမယ်” ဟု ဒေါက်တာဗညားအောင်မိုး က ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်များ ရရှိရန် AMRP က ရည်ရွယ်ခဲ့သော်လည်း ကရင်ပြည်နယ်တခုတွင်သာ တင်သွင်းခွင့် ရရှိခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လူမျိုးအမည် လွဲမှားနေသည့် မှတ်ပုံတင်များအား အမည်မှန်ပြန် လည်ပြင်ဆင်ပေးရန် ရှိ/မရှိ ရှမ်းအမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦး ၏ မေးမြန်း ချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်လည် ပြင်ဆင်ပေးမည်ဟု ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် မွန်ပြည်နယ် မုဒုံမြို့သူ မိမိုရ်ချမ်း ကလည်း “ကျမ သူငယ်ချင်းတွေရဲ့ မှတ်ပုံတင် မှာ ဗမာ ဗုဒ္ဓလို့ တွေ့ရတာ အများကြီးပဲ။ သူတို့က မွန်လို့ ထည့်ခိုင်းတယ်။ လဝက က အတူတူပဲ ဆိုပြီး ဗမာလို့ ထည့်လိုက်တာ” ဟု ပြောသည်။

သူမ၏ အဆိုအရ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ သာကေတနှင့် တာမွေ စသည့် မြို့နယ်များတွင် မွန်လူမျိုး အများအပြားနေထိုင်ကြသည်။ မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မွန်တိုင်းရင်းသား ၃ သန်းခန့် နေထိုင်လျက် ရှိသည်။

သတင်းရင်းမြစ်    မဇ္ဈိမ     

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။