အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, June 19, 2012

ရခိုင်ပြည်နယ် ဒုက္ခသည်များ ဆေးကုသမှု ရရှိရန်လိုဟု MSF ဆို


မဇ္ဈိမသတင်းဌာန ။       ။ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်တော်တော်များများသည် ယခုအခါ လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက် မှုများ၊ ဆေးဝါးကုသမှုများ မရရှိဘဲဖြစ်နေသည်ဟု နယ်စည်းမခြား ဆရာဝန်များအသင်း MSF က ဆိုသည်။ MSF အနေဖြင့် ဒေသတွင်းရှိ ၎င်း၏ လုပ်ငန်း များ ရပ်ဆိုင်းရန် ဖိအားပေးခြင်း ခံနေရသည်။

ဇွန်လ ၉ ရက်နေ့တွင် ပဋိပက္ခများ ဖြစ်ခဲ့ပြီးနောက် ဒေသတွင်းရှိ MSF ကျန်းမာရေး ဝန်ထမ်းများမှာ အန္တရာယ် အနေအထားနှင့် ရင်ဆိုင်ခဲ့ရသည်ဟု MSF ၏ တနင်္လာနေ့တွင် ထုတ်ပြန်သော ကြေညာ ချက်ထဲတွင် ဖော်ပြထားသည်။
MSF2 
“ပဋိပက္ခကြောင့် ဒုက္ခသည် ဖြစ်ခဲ့ရသူတွေဟာ အရေးပေါ် ဆေးဝါးကုသမှုတွေ မရရှိသလို ကျနော်တို့ရဲ့ လူနာတွေဟာ လုံလောက်တဲ့ ဆေးဝါးကုသမှုကို တောက်လျှောက် လိုအပ်နေတဲ့အတွက် MSF အနေနဲ့ အလွန်အမင်း စိုးရိမ်မိပါတယ်” ဟု MSF ၏ လုပ်ငန်းမန်နေဂျာ Joe Belliveau က ဆိုသည်။

“ကျနော်တို့ရဲ့ လတ်တလော စိုးရိမ်သောက တွေကတော့ အရေးပေါ် ကုသမှုတွေ ပြုလုပ်ပေးဖို့၊ လူတွေအတွက် အစားအစာနဲ့ အထောက်အပံ့များ ရရှိဖို့နဲ့ HIV လူနာတွေအတွက် အသက်ကယ် ကုသမှုတွေ ပြုလုပ်ပေးရေးတွေနဲ့ ပတ်သက်နေပါတယ်” ဟု ဆိုသည်။

ဆက်တိုက် ဖြစ်ပွါးနေခဲ့သော အကြမ်းဖက်မှုများ၏ အန္တရာယ်မှ လွတ်မြောက်ရေးအတွက် ထွက်ပြေး လာသူများနှင့် နယ်စပ်ဒေသ တလျှောက်တွင် ဆေးဝါး ကုသမှု လိုအပ်နေသူများအား ဘင်္ဂလားဒေ့ရှ် အစိုးရက ငြင်းပယ်ခဲ့ကြောင်း သတင်းများအရ သိရသဖြင့် MSF မှ စိုးရိမ်မိကြောင်းလည်း ဆိုသည်။ MSF အနေဖြင့် ဆေးဝါး အကူအညီ လိုအပ်နေသူ များအား ဒေသစွဲ မထားဘဲ မည်သူ့ကိုမဆို ကုသပေးရန် အဆင်သင့် ရှိသည်ဟု ဆိုသည်။

“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးမှာ ရှိနေတဲ့၊ အကြမ်းဖက်မှုဒဏ် ခံရသူတွေဆီကို အကူ အညီတွေ ပေးအပ်နိုင်အောင် MSF အနေနဲ့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူတို့ကို ကျနော့်တို့ ဆီ ရောက်လာအောင်လည်း ခွင့်ပြုသင့်ပါ တယ်” ဟု Joe Belliveau က ဆိုသည်။

ရခိုင်ပြည်နယ်တွင် MSF အနေဖြင့် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုများ အပြင် ငှက်ဖျား၊ ဝမ်းရောဂါ၊ AIDS နှင့် TB ကဲ့သို့သော ကူးစက် ရောဂါများကို အလေးပေး၍ နှစ်ပေါင်း ၂၀ ခန့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးနေ သည်။

MSF အနေဖြင့် ၂၀၁၁ ခုနှစ်အတွင်း ဝေဒနာရှင်နှင့်တွေ့ဆုံကာ ဆေးကုသပေးမှု အကြိမ်ပေါင်း ၄၈၇,၀၀၀ ခန့်ပြုလုပ်ပေးခဲ့ပြီး ART ဆေးဝါးကုသမှုနဲ့ စောင့်ရှောက်ပေးနေသည့် AIDS ဝေဒနာရှင်ပေါင်း ၆၀၀ ကျော် ရှိသည်ဟု သိရသည်။

MSF ၏ ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော ဆေးကုသပေးရေး အစီအစဉ်များအနက် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက် ကုသပေးမှု အစီအစဉ်သည်လည်း တခုအပါအဝင် ဖြစ်ကြောင်း သိရသည်။ MSF သည် မြန်မာနိုင်ငံတွင် AIDS ဝေဒနာရှင်များအား ကုသပေးနေသည့် အဓိက အဖွဲ့အစည်း တခုဖြစ်ပြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတွင် လည်း ဦးဆောင်မှု ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

သတင်းရင်းမြစ်    မဇ္ဈိမ     

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။