အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, May 28, 2012

မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် လက်မှတ်သက်တမ်း တိုးမပေး




စံခလပူရီ (မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင်၊ ကရထုမ်းဗန်း မြို့နယ်၊ အွမ်းနွမ်၊ ဖိကစင် ကျောက်သွေး စက်ရုံ၌ အလုပ်လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အယောက် ၁၀၀ ခန့်တို့၏ ယာယီ နိုင်ငံကူး လက်မှတ်နှင့် အလုပ်လုပ်ခွင့် လက်မှတ်များ သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်သော်လည်း ကုမ္ပဏီမှ လိုက်လံ လုပ်ဆောင်ပေးခြင်း မရှိကြောင်း သိရသည်။

“ယာယီ နိုင်ငံကူး လက်မှတ် သက်တမ်း ကုန်ရင် အလုပ်လုပ်ခွင့် လက်မှတ်လည်း ကုန်တယ်။ အဲဒါ သူတို့ လုပ်ပေးဖို့
ပြောတဲ့ သူဌေးပွဲစားနဲ့ ကျနော်တို့ ဆက်သွယ် ကြည့်တော့ သူက သေတဲ့ ပတ်စပိုစ့်တွေ သူမသိဘူးတဲ့။ ရှင်နေတဲ့ ပတ်စ်ပိုစ့်တွေကိုပဲ သူလုပ် ပေးနေတယ်လို့ ပွဲစား သူဌေးက ပြောတယ်” ဟု ထိုစက်ရုံမှ အလုပ်သမား တဦးဖြစ်သူ ကိုမင်းဇော်ဦး က ပြောပြသည်။

လုပ်ထုံး လုပ်နည်းများအရ အလုပ်သမားများသည် ယာယီ နိုင်ငံကူး လက်မှတ်ရပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ဗီဇာ တံဆိပ်တုံး ထုပြီးသည့် နေ့မှစ၍ ရက်ပေါင်း ၃ဝ အတွင်း အလုပ်လုပ်ခွင့် လက်မှတ် (Work Permit) ရယူရန်
လျှောက်ထားရမည်။ ထိုမှတဆင့် ရက်ပေါင်း ၉၀ ပြည့်တိုင်း၌ သက်ဆိုင်ရာ နယ်မြေဒေသ တောမော်ရုံး (Immigration Office) တို့၌ အစီရင်ခံ ရပါသည်။

ထိုသို့ သက်တမ်း တိုးရန်အတွက် အလုပ်သမားများ၏ လစာများထဲမှ နှုတ်ယူထားပြီး ဖြစ်သော်လည်း ယနေ့အထိ သက်တမ်း တိုးပေးခြင်း မရှိသေးကြောင်း သိရှိရသည်။

ထိုစက်ရုံ၌ မြန်မာအလုပ်သမား ၂ဝဝ ကျော်နှင့် ထိုင်းနိုင်ငံသား အလုပ်သမား စုစုပေါင်း ၅,ဝဝဝ ကျော် အလုပ် လုပ်ကိုင်လျက် ရှိသည်။

ယာယီ နိုင်ငံကူး လက်မှတ်နှင့် အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်း ကုန်ဆုံးပါက အလုပ်သမားများမှာ ထိုင်းနိုင်ငံ၏ တည်ဆဲ အလုပ်သမား ဥပဒေများအရ အရေးယူ ခံရမည်ကို အလုပ်သမားများ စိုးရိမ်နေကြသည်။

သတင်းရင်းမြစ်    မဇ္ဈိမ

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။