(၁)
အချစ်ရေ၊
စိန်တောင် အလင်းရှိမှ
တောက်ပရတာ၊
ဒို့တွေ စိန်ဖြစ်ဖို့
အလင်းလိုရဲ့။
ကျိုးကြေနေတဲ့ဘ၀တွေ
ပြန်ဆက် ဖို့အတွက်
အမှောင်ထုထဲမှာ
တော်တော်တော့ခက်ပေါ့။
အရိုးသားဆုံးရင်ခုန်ခြင်း
အဖြူစင်ဆုံး မွတ်သိပ်ခြင်း
အစွန့်လွှတ်ဆုံး တမ်းတခြင်း ဆိုတဲ့
တန်ဖိုးမှန်သမျှဟာလဲ
အမှောင်ထုထဲမှာ ပျောက်ဆုံးလို့…။
မနက်ဖန် တခုအတွက်
ဒီနေ့ပေါင်းများစွာဟာ အကျဉ်းချခံရ။
နုပျိုတဲ့ အနမ်းတွေဟာ
အိုမင်း ရင့်ရော်သွားခဲ့ရပေါ့။
(၂)
အချစ်ရယ်၊
ယုံကြည်ပါ။
အလွမ်းရှိရင် အနမ်းလဲရှိရမယ်။
အမှောင်ရှိရင်လဲ
တနေရာမှာတော့
အလင်းတန်း ရှိရမယ်။
ကမ္ဘာဦးလူသားတွေက
နေနဲ့လကို တမ်းတသလိုမျိုး
အိုဒက်ဆ (Odysseus) အပြန်ကို
ပဲနယ်လ်လိုပီ (Penelope) က ယုံကြည်စွာစောင့်ဆိုင်းသလိုမျိုး
အလင်းနှစ်တွေရဖို့
ငါဒို့ အားလုံး ဇက်ချိုးစောင့်မျှော်နေကြရဲ့။
(၃)
စိန်တလုံးရဲ့
အကြီးမားဆုံးမျှော်လင့်ချက်ဟာ
အသေးဆုံးအလင်းတန်းထဲမှာ ရှိနေတုန်းပ။
အရုဏ်ဦးနဲ့ နီးလေ၊
အမှောင်ထုက သည်းလေပဲ။
အောင်ပွဲနီးလေ၊
သစ္စာဖေါက်နဲ့ အချောင်သမားတွေ များလေပဲ။
အခက်အခဲများလေ၊
မိတ်ဆွေကောင်းတွေ ရှားလေပဲ။
ငါဒို့ မီးတချက် ထ မတောက်လို့သာ
အမှောင်ထုဟာ
ကြောက်စရာကောင်းနေတာပေါ့။
အသံတိတ်ငိုနေရတဲ့ ညတွေကို ခ၀ါချဖို့
လုပ်စရာတခုပဲ ရှိတယ်။
ဒါက ….
တစ် … လှောင်စာအပြည့်နဲ့ အမုန်းတွေကို ဖေါက်ခွဲချ၊
နှစ် … နာကျင်မှုတွေကို မြေမြှုပ်ရဲကြဖို့၊
သုံး … ရင်ခုန်သံတွေ တူညီနေကြဖို့ ပါပဲ။
(၄)
ကြမ်းတမ်းဆုံး လက်ဖ၀ါးကြီးများက
အနူးညံ့ဆုံး မီးတောက်ငယ်ကို
ခုခံကာကွယ်စဉ်၊
မုန်တိုင်းများက အငြိုးတကြီး သတ်ဖြတ်ဖို့ကြိုးစားနေတယ်။
မိခင်က သားကိုစောင့်ရှောက်ထားသလိုမျိုး
လင်းယုန်တကောင်ဖြစ်တုန်းက
ချစ်သူကို တောင်ပံအောက်မှာထား
ကာကွယ်သွား သလိုမျိုးပ၊
ရှေ့တိုးလို့ ချီတက်ကြပေါ့။
မီးတောက်ငယ်စွမ်းအားနဲ့
အခြောက်ခြားဆုံးအမှောင်ထုကို
အံတုဖို့ ငါ ဒို့ ထွက်လာပြီ။
“ချစ်သူတို့ …
ဒီည
မြို့တော်ခန်းမရှေ့ကို ဆက်ဆက်လာခဲ့ကြ”
မီးရောင်အောက်မှာ
တေးသီဆိုရင်း ကကြမယ်။
တောက်ပတဲ့ အလင်းတန်းတွေနဲ့
အရိပ်တွေ
ခု၊ ဆယ၊် ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း
ဖြစ်လာတဲ့အထိ။
မျော်လင်ချက်ကင်းမဲ့နေတဲ့
စိန်တွေတောက်ပလာတဲ့အထိ။
ငါဒို့
နှစ်ယောက်ပေါင်း
တရိပ် ဖြစ်သည်အထိ…..။
နမ်း ပြီးရင်း
နမ်း ကြမယ်။
မိုးသီးဇွန်
သတင်းရင်းမြစ်း www.naytthit.net မှ ထပ်ဆင့်ကူးယူ မျှဝေပါသည်။
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။