ဓမ္မစေတီမင်းလက်ထက် ၁၄၇၆ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ရွှေတိဂုံ စေတီတော်၌ တင်လှူ ပူဇော်ခဲ့သော ဓမ္မစေတီ ခေါင်းလောင်းကြီးကို ငါးကြိမ်မြောက် အဖြစ် ပြန်လည်ရှာဖွေ ဆယ်ယူ မည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်း သုတေသန ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ခေါင်းလောင်းကြီးအား ရှာဖွေရေး လုပ်ငန်းများကို ၁၉၈၇မှ ၁၉၉၇ ခုနှစ်အတွင်း လေးကြိမ် တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ မြန်မာ တို့၏ တန်ဖိုး မဖြတ်နိုင်သော သမိုင်း အမွေအနှစ် တစ်ခုဖြစ်သည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ပြန်လည်ရှာဖွေ ဆယ်ယူရေး အတွက် အထောက်အကူ ဖြစ်စေမည့် “ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်၍ သမိုင်း အမွေအနှစ်များ တူးဖော်ခြင်း” အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ဇွန်လ နောက်ဆုံးပတ် အတွင်း အမျိုးသား ပြတိုက် (ရန်ကုန်)တွင် ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများ၌ ထုတ်ပြန် ဖော်ပြ ထားသည်။
ဓမ္မစေတီမင်း (၁၄၇၁-၁၄၉၂) သည် ၁၄၇၆ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ တွင် ရွှေတိဂုံ စေတီ၌ ခေါင်းလောင်းကြီးကို တင်လှူ ပူဇော်ခဲ့ပြီး ညောင်ရမ်းခေတ် ဒုတိယမြောက် မင်းဆက်ဖြစ်သော အနောက်ဘက် လွန်မင်း (အေဒီ ၁၆၀၅-၁၆၂၈) လက်ထက်တွင် ပေါ်တူဂီလူမျိုး ငဇင်ကာခေါ် ဖီးလစ် ဒီဘရစ်တိုသည် အဆိုပါ ခေါင်းလောင်းကြီးအား အမြောက် သွန်းလုပ်ရန် ၁၆၁၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ရာ ပုဇွန်တောင် ချောင်းဝအရောက် ဒေါပုံမြစ် အကူးတွင် ရေထဲသို့ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
သတင်းရင်းမြစ်
း The Voice Weekly

No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။