ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်း
ဒေသခံများလုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေကို အစိုးရမှ သိမ်းယူပြီး
တည်ဆောက်ထားတဲ့ စစ်လေ့ကျင့်ရေးသင်တန်းကျောင်းကို အများပြည်သူ
အကျိုးပြုနိုင်မယ့် လုပ်ငန်းအတွက် ပြန်လည်အသုံးပြုဖို့ ဆန္ဒရှိနေကြတယ်လို့
ဆိုပါတယ်။
စစ်သင်တန်းကျောင်းအဖြစ်
ဆက်လက်ပြုလုပ်သွားမယ်ဆိုပါက သင်တန်းကျောင်းနဲ့ ဆက်စပ် တဲ့ မြေယာတွေ မှာပါ
လူထုတို့အနေနဲ့ စိုက်ပျိုးပိုင်ခွင့်မရှိတဲ့အတွက်
ယခုလိုဆန္ဒထုတ်ဖေါ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီမှာ လူထုတွေ တင်ပြတာကတော့
ခပ်များများ အဲဒီယာတွေပေါ့နော်။ ယာတွေက သူတို့ ပြန်လို ချင်တယ်လို့ သူတို့
ပြောတာပေါ့။ နောက်အဆောက်အဦးတွေကျတော့ လူထုအကျိုးပြုလုပ်ငန်းတခုခုလုပ်ဖို့
သူတို့ အဲလိုမျိုးပဲပြောတယ်” လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က
ဗဟိုကော်မီတီဝင် ခူဒယ်နီယာက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က KNPP
ဗဟိုကော်မီတီဝင် ခူးဒယ်နီယာ၊ ဆရာဖိုးရယ်၊ ခူးတော်ရယ် နဲ့ ပြည်နယ်အစိုးရ
လျှပ်စစ်ဌာန၀န်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ သစ်တော ဌာန၊ မြေတိုင်း၊
ပြည်နယ် လွှတ်တော်နဲ့ လွှတ်တော်အမတ်တွေ စစ်သင်တန်းကျောင်းရှိရာ
မားပရိုရှေ့နဲ့ လောဂျာ လူထုကြား သွားရောက်ကွင်းဆင်းလေ့လာပြီးနောက်
ပြောကြားလိုက်တာ ဖြစ်ပါတယ်။
လူထုကြားက ဖြစ်ရပ်မှန်ကို သိရှိဖို့နဲ့
အချက်အလက်တွေ စုဆောင်းပြီး သမ္မတ ဦးသိန်းစိန်ထံ အစီရင်ခံစာ
တင်ပြနိုင်ဖို့အတွက် KNPP မှ ပြည်ထောင်စု ငြိမ်းချမ်းရေး
ကိုယ်စားလှယ်တချို့နဲ့ ကယားပြည်နယ် ၀န်ကြီးတွေက
ယခုလိုလူထုကြားကွင်းဆင်းလေ့လာတာဖြစ်တယ်လို့ ခူဒယ်နီယာက ဆိုပါတယ်။
“သဘောတူညီချက် နံပါတ် ၄ ကို
အခြေခံပြီးတော့မှ ပြည်နယ်အစိုးရရယ်၊ နောက် မြို့နယ် ၀န်ထမ်းတွေနောက်
ကေအဲန်ပီပီက နှစ်ယောက်ပေါ့နော်။ အဲဒါ ဖွဲ့စည်းပြီးတော့မှ လူထုကြား
ကွင်းဆင်းမယ် ဆိုတော့ မနေ့ည သွားလိုက်တယ်” လို့ ခူဒယ်နီယာက
ဆက်ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ KNPP နဲ့
အစိုးရတို့ဟာ ပြည်ထောင်စုအဆင့် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်
နံပါတ် ၄ အရ ကယားပြည်နယ်အတွင်း လေ့ကျင့်ရေးကျောင်း တည်ဆောက်နေခြင်းနဲ့
ပတ်သက်ပြီး ပြည်သူလူထုရဲ့ဆန္ဒကို လေ့လာသုံးသပ်နိုင်ဖို့အတွက်
ကယားပြည်နယ် အစိုးရအဖွဲ့က ပြည်နယ်အဆင့် လေ့လာသုံးသပ်ရေးအဖွဲ့ကို
ဖွဲ့စည်းပေးပြီး အစီရင်ခံစာကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့
နောက်ဆုံးထားပြီး နိုင်ငံတော် သမ္မတဆီမှာ တင်ပြဖို့ သဘောတူ
လက်မှတ်ရေးထိုးကြပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖရူဆိုမြို့နယ်
လောဂျာ၊ မားပရိုရှေ့နဲ့ ဒေါလောခူကျေးရွာတို့ဟာ စပါး၊ ပြောင်းဖူး၊ နှမ်းနဲ့
ပြောင်းကောက် စတဲ့ သီးနှံတွေကို နှစ်စဉ်နှစ်တိုင်း စားဝတ်နေရေးအတွက်
စိုက်ပျိုးနေတဲ့ လယ်ယာမြေ ဧက ၂၇၀၀ ကို စစ်လေ့ကျင့်ရေးကွင်း ဆောက်လုပ်ဖို့
အစိုးရက သိမ်းယူခဲ့ ပါတယ်။
သတင်းရင်းမြစ်
း ကန္တာရဝတီတိုင်း(မ်)
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။