၂၀၁၂ ခုနှစ် ဇွန်လ ၇ ရက်နေ့ ညပိုင်း ၁၁း၀၀ နာရီအချိန်ခန့်တွင် မောင်ကျော်သက်နိုင်ဆိုသူ အသက် (၁၇) နှစ်အရွယ် လူငယ်လေး တဦးသည် မန္တလေး ကန်တော်ကြီးပတ်လမ်း တိုက်တန်းတွင် နေထိုင်သော အဒေါ်ဖြစ်သူ၏ နေအိမ်မှ အပြန်တွင် ၄၅ × ၈၂ လမ်းအရောက် စိုးစံလက်ဖက်ရည်ဆိုင်အနီးတွင် လူ (၅) ဦးမှ မော်တော်ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိ လာပြီး တာဝန်အရဟု ပြောဆိုကာ ဇွတ်အတင်း ဆွဲခေါ်သွားခဲ့ရာ မလိုက်သဖြင့် ၄င်းလူငယ်မှာ လက်သီးဖြင့် အထိုးခံရသဖြင့် မေ့သွားခဲ့ပြီး မနက်မိုးလင်း သတိရသောအခါ ခြေလျှင်တပ်ရင်း (၁၁၉) တပ် (ပုသိမ်ကြီး) အချုပ်ခန်းတွင် ရောက်နေကြောင်း သိရှိရ ပါသည်။ အဆိုပါ လူငယ်နှင့်အတူ အခြားနေရာဒေသအသီးသီးမှ လူငယ် ၁၀ ဦးလည်း ဖမ်းဆီးခံထား ရကြောင်း သိရပါသည်။ အဆိုပါ လူငယ်များကို စစ်တပ်အချုပ်ခန်းတွင်း ထည့်သွင်းထားပြီး စစ်တပ်ထဲသို့ ဝင်ရောက်ရန်အတွက် ခြိမ်းခြောက် ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ မောင်ကျော်သက်နိုင် မှာ မန္တလေး တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် တဦး ဖြစ် သည့်အပြင် အသက်မပြည့်သေးသဖြင့် စစ်တပ်ထဲ မဝင်နိုင်ကြောင်း ပြောဆိုရာ ဝိုင်းဝန်း ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်မှု များ ပြုလုပ်ကြောင်း သိရှိရပါသည်။ အခြား လူငယ်များ မှာမူ ရိုက်နှက် သည့်ဒဏ်ကို မခံနိုင်သည့်အတွက် စစ်တပ်ထဲ ဝင်သွားကြောင်း မောင်ကျော်သက်နိုင်မှ တဆင့် သိရှိ ရပြီး မောင်ကျော်သက်နိုင် မှာမူ ထမင်းစားခန်းသို့ အသွား ထွက်ပြေးလွတ်မြောက်လာပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ NLD ပါတီရုံးသို့ ထွက်ပြေးလာခဲ့ပြီး အကူအညီ တောင်းခံခဲ့ကြောင်း သိရှိခဲ့ရပါ သည်။မောင်ကျော်သက်နိုင်၏ မှတ်ပုံတင်တွင် မွေးသက္ကရာဇ်အမှန်မှာ ၁၉၉၅ ဖြစ်ပြီး၊ သူ့အား ခေါ်ဆောင် သွားသော စစ်သားများမှ မှတ်ပုံတင်အား ပြန်လည်ပြင်ဆင် လိုက်ကြောင်း၊ ခေါ်ဆောင်သွားသော စစ်သား (၅) ဦးအနက် (၂) ဦး၏ အမည်ကို သိကြောင်း၊ ၄င်းတို့မှာ ကိုချစ်ဦးမောင်နှင့် ကိုသက်ထွေး ဆိုသူတို့ဖြစ်ပြီး ၄င်းတို့မှာ စစ်သား များဖြစ်ကြပြီး၊ ၄င်းတို့၏ ရာထူးအဆင့်ကိုမူ မသိရှိခဲ့ရကြောင်း ဘားမားဗီဂျေ မီဒီယာ ကို ပြောပြခဲ့ပါသည်။
သတင်းရင်းမြစ်
း BurmaVJ
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။