အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Friday, July 13, 2012

အစိုးရတပ် ထိုးစစ်ဆင်မှု ရပ်သင့်ဟု ကိုမြအေး ပြော

ချင်းမိုင်(မဇ္စျိမ) ။          ။ ကချင်ဒေသတွင်း တိုက်ပွဲများ ရပ်တန့်ထားသင့်ပြီး အစိုးရတပ်ဘက်မှ ထိုးစစ်ဆင်မှု များ ရပ်ဆိုင်းသင့်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သော ကိုမြအေး က ပြောဆို လိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားများက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့် သွားရောက် တွေ့ဆုံ ၍ ငြိမ်းချမ်းရေး ခရီးစဉ်မှအပြန် မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် သွားရောက် တွေ့ဆုံ ပြီးနောက် မဇ္ဈိမကို ပြောကြားခြင်း ဖြစ်သည်။

“နှစ်ဖက်တပ်တွေ ဂုဏ်သိက္ခာရှိရှိ ရွှေ့ရေးပေါ့နော်။ တွေ့ဆုံပွဲလုပ်နေတဲ့ အချိန်မှာတောင် တိုက်ပွဲတွေ
 ဖြစ်နေကြတယ် ဆိုတော့ တယောက်နဲ့တယောက် သံသယ ရှိနေတဲ့ အချိန်။ ဆွေးနွေးပွဲတွေလုပ်တဲ့ အချိန်မှာ တိုက်ပွဲတွေ ရပ်ထား သင့်တယ်။ တဖက်က (အစိုးရဘက်) ထိုးစစ်ဆင်တဲ့ ကိစ္စတွေ ရပ်သင့် တယ်”ဟု ကိုမြအေးက ပြောသည်။

ငြိမ်းချမ်းရေးရရှိမှ ဒီမိုကရေစီရရှိ နိုင်မည်ဖြစ်၍ ကချင်တိုင်းရင်းသားအရေး အပါအဝင် အခြားသော တိုင်းရင်းသားများ၏ တန်တူညီမျှရေး၊ တရားမျှရေးတို့ကို ဝိုင်းဝန်း တည်ဆောက်လိုကြောင်း ကိုမြအေးက ဆက်ပြောသည်။

“ကျနော်တို့ မေတ္တာ ရပ်ခံပါတယ်။ အစိုးရ တပ်မတော်အရာရှိတွေကိုရော စိတ်ရှည်လက်ရှည်နဲ့ ပြဿနာကို ပညာရှိကြီးများ ပီပီ ဖြေရှင်းကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။ တိုက်ပွဲ များ ဖြစ်ပွားနေဆဲဖြစ်နေကြောင်းလည်း KIO ဘက်က သတင်းထုတ်ပြန်ထားသည်။ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။

ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ KIO ၏ တပ်မဟာ (၂ ) နယ်မြေ တနိုင်းမြို့နယ်၊ KIO ၏ တပ်မဟာ (၅) နယ်မြေလည်းဖြစ် KIO  ဌာနချုပ်အနီး တဝိုက်လည်းဖြစ်သော ဗန်းမော်မြို့နယ်တွင်းနှင့် ရှမ်းပြည် နယ် မြောက် ပိုင်း နမ့်ခမ်းမြို့နယ်ဘက် အစိုးရတပ်များ ထိုးစစ်ဆင်မှုများ ရှိနေသည်ဟု KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။ လိုင်ဇာမြို့နေ ဒုဗိုလ်မှူးကြီး ဂျီးနောင်သည် ယခင်ကတည်းက KIO ၏ ဆက်ဆံရေးတာဝန် ယူခဲ့သူ ဖြစ် သည်။ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင် ချိန်မှစတင်၍ KIOဘက်မှ ငြိမ်းချမ်းရေးအဖွဲ့ဝင်တဦးအဖြစ်ပါဝင်ခဲ့သည်။ သို့သော် ငြိမ်းချမ်းရေး
 ဖြစ်ထွန်းနိုင်ကြောင်း ကိုမြအေးက ပြောသည်။

“KIO ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အပြန်မှာ ဝန်ကြီး ဦးအောင်မင်းနဲ့ ဝင်တွေ့ တယ်။ နှစ်ဖက် လုံးရဲ့ အနေ အထား၊ သဘောထားကို သိခဲ့ရတာပေါ့။ အဲတော့ ချုံပြီးပြောရမယ်ဆို ရင် နှစ်ဖက်လုံး ဝန်ကြီး ဦးအောင်မင်းရော၊ကေအိုင်အို အနေအထားရော ငြိမ်းချမ်းရေး လိုလားတယ်ဆို တာ ယေဘုယျ အားဖြင့် ပြောနိုင်ပါတယ်”ဟု ပြောသည်။

ထိုစဉ်တွင် ဝန်ကြီးဦးအောင်မင်းမှာ ရထားဝန်ကြီးအဖြစ်မှ သမ္မတရုံးဝန်ကြီးအဖြစ် ရာထူး အပြောင်း အလဲ ဖြစ်လိမ့်မည် ဟူသော ခန့်မှန်းချက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။ ဦးအောင်မင်းသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရအကြား အပစ်ခတ်ရပ်စဲရေးမှသည် ငြိမ်းချမ်းရေး ရရှိအောင် သမ္မတ၏ အထူးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်နေခဲ့သူ ဖြစ်သည်။

အစိုးရတပ်နှင့် KIO တို့သည် ပြီးခဲ့သည့်နှစ် ဇွန်လမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ငြိမ်း ချမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု တစုံတရာ မရရှိဘဲ ဖြစ်နေချိန် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမြအေး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ မစန်းစန်းမော်၊ မနီနီလွင်တို့ ယခုလ ၆၊ ၇ ရက်နေ့က သွားရောက်၍ KIO ဒုစစ်ဦးချုပ်ချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် တွဲဘက်အတွင်းရေးမှူး ဦးလနန်တို့နှင့် တွေ့ဆုံခဲ့သည်။ KIO မှ ဖမ်းဆီးထိန်းသိမ်းထားသော အစိုးရ တပ်သား သုံ့ပန်း (၃၄) ဦးကိုလည်း ၈၈ ကျောင်းသားများ လာရောက်စဉ်တွေ့ဆုံ ခွင့် ပေးခဲ့ ခြင်း ဖြစ် သည်။

ယခု ဇူလိုင်လ ၁၀ ရက်နေ့ထိ တိုက်ပွဲ အကြိမ်ပေါင်း ၄၀ ခန့် ရှိသွားပြီ ဖြစ်ပြီး ပြီးခဲ့သည့် ယမန်နှစ် ဇွန်လမှ ယမန်နေ့ထိ တိုက်ပွဲ ဖြစ်ပွားမှုအကြိမ် ၁,၆၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း KIO က ထုတ်ပြန်ထားသည်။

သတင်းရင်းမြစ်    မဇ္ဈိမ     

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။