ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်မှာရှိတဲ့ ဒရယ်လူးကျေးရွာ၊
သဲကုန်းတန်းကျေးရွာ အပါ အဝင် ကျေးရွာ ၁၀ ရွာအနီးရှိ ရေနက်ကွင်း လယ်ယာမြေဧက
၁၀၀၀ ကျော်ဟာ ဆည်မြောင်းမှ လာရောက် ၍ ရေမြောင်းကို မဖောက်ချပေးတာကြောင့်
နှစ်စဉ်နှစ်တိုင်း ပျက်စီးနေခဲ့ပါသည်။
ယခင်က ကွမ်းခြံကုန်းကားလမ်းမကြီးအောက်တွင် ရေမြောင်းတူးဖော်ပေးပြီး
ရေတွေကို ဖောက်ချပေး ခဲ့ပေမယ့် ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ဆည်မြောင်းမှ
ပြန်လည်လာရောက်ပြီး အဆိုပါရေမြောင်းကို ပိတ်ဆို့ခဲ့ပါသည်။ ရေမြောင်းကို
ပိတ်လိုက်တာကြောင့် လယ်ယာမြေတွေ ရေနစ်မြုပ်ခဲ့ပါသည်။ ရေမြုပ်၍
ပျက်စီးသွားသည့် လယ်တွေကို လယ်ယာဆည်မြောင်းဌာနမှ တာဝန်ရှိသူများက
လာရောက်ကြည့်ရှုပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်သွားခဲ့သော်လည်း အခုချိန်အထိ
တစုံတရာ ပြေလည်အောင်ဆောင်ရွက်ပေးခြင်း
မျိုး မရှိကြောင်း သိရှိရပါသည်။
“ဆည်မြောင်းကို ရေဖောက်ချပေးဖို့၊ ရေမြောင်းဖောက်ပေးဖို့
အကြောင်းကြားတင်ပြခဲ့ပေ မယ့် ဆောင် ရွက်ပေးခြင်းမျိုး မရှိခဲ့လို့ လယ်တွေ
ရေမြုပ်နေတာ ၇ နှစ်ဆက်တိုက်ရှိနေပြီ” ဟု ဒေသခံ လယ်သမား တဦးက ဘားမားဗီဂျေ
မီဒီယာကို ပြောပါသည်။
၂၀၁၁ ခုနှစ်က လယ်ယာမြေများအားလုံး ရေနစ်မြုပ်သွားခဲ့သောကြောင့်
တောင်သူလယ်သမားများ နစ်နာဆုံးရှုံးခဲ့ရပါသည်။ ဒီနှစ် ၂၀၁၂ ခုနှစ်တွင်တော့
တောင်သူလယ်သမားများမှ မရှိရှိ တာတွေ ပေါင်နှံရောင်း ချပြီး စပါး
စိုက်ပျိုးခဲ့ပေမယ့် ဒီနှစ်မှာလည်း အဆိုးဝါးဆုံး ရေထပ်မံနစ်မြုပ်ခဲ့ပါသည်။
ဒီအတိုင်းသာဆိုပါက တောင်သူလယ်သမား မိသားစုတွေအားလုံး ရှေ့ဆက်ပြီး
ဒုက္ခရောက်မှာဖြစ် သည့်အတွက်ကြောင့် ဆန္ဒထုတ်ဖော်ပြသရန် ကွန်းခြံကုန်းမြို့နယ်
အုပ်ချုပ်ရေးမှူးထံ တင်ပြခဲ့သော်လည်း နည်းဥပဒေ မထွက်သေးသဖြင့်
ဆန္ဒထုတ်ဖော်ခွင့် မပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့ပါသည်။ မနက်ဖြန် ၂၀၁၂
ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် လယ်ယာမြေတွေ ရေမြုပ်ပျက်စီးခဲ့သည့်
တောင်သူလယ်သမားများ စုပေါင်းပြီး နိုင်ငံတော် သမ္မတထံသို့
တင်ပြတောင်းဆိုသွားမည်ဟု သတင်းရရှိပါသည်။
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။