အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Saturday, June 16, 2012

မြစ်ဆုံရေကာတာ အောင်မြင်သာ အစိုးရရွှေ့ပြောင်းရွာတွင် မိုးရေကြီး

ကချင်ပြည်နယ် ဧရာဝတီမြစ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဒေသတွင်းရှိသောကြောင့် မြစ်ဆုံအောက်တွင် ပြောင်းရွှေ့ခဲ့ရသည့် အောင်မြင်သာစံပြကျေးရွာတွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရွာတွင်းရေများလျှံလာပြီး ဒေသခံများ အခက်ခဲရင်ဆိုင်နေရကြောင်း ရွာသားများပြောသည်။

ဇွန် ၁၀ ရက်နေ့မှ စတင်ရွာသွန်းလာသောမိုးသည် ယနေ့ ဇွန် ၁၄ ရက်နေ့ထိ ဆက်တိုက်ရွာ သွန်းနေသောကြောင့် ဒေသခံများ သွားလာရေးနှင့် ကျောင်းသွားသော ကလေးများစွာအတွက် ပို၍အခက်ခဲဖြစ်စေကြောင်း စံပြရွာသားတဦးပြောသည်။

“ထမင်းချက်စားလို့လဲမရဘူး။ ကျမတို့အိပ်တဲ့ဘက်လဲ မိုးပက်တော့ အိပ်လို့လဲမရဘူး။ မိုးက အဆက်မပျက်ရွာတော့ စိုးရိမ်လာတယ်။ အိမ်သာသွားဖို့ လဲအရမ်းခက်တယ်။ လေတိုက်လာရင်လဲ အရမ်းကြောက်မိတယ် အိမ်ကမခိုင်ဘူးလေ။ ကလေးတွေကို ကျောင်းပို့ရတာလဲမလွယ်ဘူး” ဟု ဒေသခံ တဦးကချင်သတင်းဌာနသို့ပြောသည်။

အောင်မြင်သာ စံပြကျေးရွာတွင် အိမ်ခြေ ၃၂၇ ကျော်ရှိပြီး ယခု အသစ်ပြောင်းရွှေ့တည်ဆောက်ထားသော စံပြကျေးရွာသစ်သည် တောင်များဝိုင်းရံထားသည့်နေရာတွင် ရှိ၍ ယခုလိုမိုးများ အဆက်မပြတ် ရွာပြီး လေပြင်းများလည်း တိုက်ခတ်လာလျင် ပို၍စိုးရိမ်ပူပန်နေရကြောင်း စံပြကျေးရွာမှ ဦးတူးခေါင် ပြောသည်။ ၂၀၀၆ ခုနှစ် ဇူလိုင်လတွင်လည်း မိုးများအဆက်မပျက်ရွာ သွန်းမှုကြောင့် မြစ်ရေ များကြီးပြီး မြေပြို၊တောင်ပြိုမှုများဖြစ်ပွားခဲ့သည်။

မြစ်ကြီးနားမြောက်ဘက် ၂၇ မိုင်အကွာတွင်ရှိသော မေခ-မလိခ မြစ်ဆုံပေါ်တွင် ရေအားလျှပ်စစ် မီဂါဝပ် ၆ဝဝ၀ ထုတ်လွှတ်နိုင်မည့် ရေကာတာစီမံကိန်းကြောင့် ဧရာဝတီမြစ် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ တန်ဖဲ၊ မဇွပ်၊ ဒေါင်ပန်၊ ဇတူးဇွပ်၊ မလိယန် စသည့် ကျေးရွာများအား ၂၀၁၀ မေလမှ စတင် ပြောင်းရွှေ့ခဲ့ရသည်။

၎င်းမြစ်ဆုံရေကာတာ တည်ဆောက်မှုကြောင့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများဖြစ်စေသည့် အန္တရာယ်များအပေါ် မြန်မာပြည်သူလူထု၏ စိုးရိမ်ပူပန် ကန့်ကွက်သံများ ထွက်ပေါ်လာချိန် မြန်မာနိုင်ငံအစိုးရမှ လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် မြစ်ဆုံရေကာတာကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။

သို့သော် စီမံကိန်းဆောက်လုပ်နေစဉ် ပြောင်းရွှေ့ပေးခဲ့သော အောင်မြင်သာစံပြရွာမှဒေသခံများသည် မိမိနေရပ်ရင်းသို့ ပြန်လည်နေထိုင်ခွင့်မရှိပဲ အာဏာပိုင်များ ပိတ်ပင်ထားကြောင်း ဒေသခံများပြောသည်။

စီမံကိန်းကြောင့် ဆုံးရှုံးသွားသော ဒေသခံများ၏ နေအိမ်၊ လယ်ယာမြေ၊ အသီးအနှံ စိုက်ခင်း နှစ်ရှည်ပင်များအတွက် လျော်ကြေးနှင့် နစ်နာကြေးများ အပြည့်အ၀မရရှိသောကြောင့် ဒေသခံများ စားဝတ်နေရေး အခက်တွေ့နေသည်သာမက ၄င်းတို့ ဆောက်လုပ်ပေးထားသော နေအိမ်များလည်း ခိုင်ခံ့ခြင်းမရှိသောကြောင့် ယမန်နှစ်မိုးရာသီ လေပြင်းကျချိန်တွင် နေအိမ် တချို့ပျက်စီးသွား ခဲ့ရကြောင်း ဒေသခံများမှသိရသည်။

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။