စံခလပူရီ (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့
မြောက်ဘက် တပ်နှင့် အလှမ်းကွာဝေး သည့် ရွှေပြည်သာ ရပ်ကွက်ရှိ ဥယျာဉ်ခြံမြေ ဧက
၄၀ ကျော်ကို တပ်မြေအဖြစ် သိမ်းယူရန် စစ်တပ်မှ အုတ်တိုင် များ လာရောက်
စိုက်ထူထားကြောင်း ခြံရှင်များက ပြောသည်။
နှစ်ပေါင်း ၂၀ ကျော် စိုက်ပျိုးလာခဲ့သည့် မြေဂရမ်ရှိ ခြံရှင် ငါးဦးပိုင် ရာဘာ၊ အုန်း၊ ကွမ်း၊ သီဟိုဠ်ခြံမြေများတွင်
ကော့သောင်းမြို့ အခြေစိုက် ခမရ ၃၄၂ မှ ဇွန်လ ၂၁ ရက်နေ့က အုတ်တိုင်များ လာရောက် စိုက်ထူ ထားခြင်း ဖြစ်သည်။
“ဒီခြံတွေက တပ်နဲ့ တောင်တလုံး ခြားတယ်။ တပ်နဲ့ဆို နှစ်မိုင်လောက် ဝေးမယ်။ ကျနော်တို့က ၈၅ ခုနှစ်ကတည်းက ကျားတွေ ဆင်တွေကြားမှာ တောရှင်းပြီးတော့ စိုက်လာခဲ့တဲ့ ခြံတွေ” ဟု ၁၅ ဧက ပိုင် ခြံရှင်တဦးက ပြောသည်။
သူ၏ အဆိုအရ ၎င်းမြေများမှာ ၁၉၉၂ ခုနှစ်ကပင် နိုင်ငံတော် အစိုးရထံသို့ မြေခွန်များ ပေးသွင်းနေသည့် ခြံမြေများဖြစ်ပြီး ခြံမြေအားလုံး၏ ကာလတန်ဖိုးမှာ သိန်းတထောင်ကျော် ရှိသည်။စစ်တပ်မှ အုတ်တိုင်များ လာရောက် စိုက်ထူထားပြီးနောက် ခြံထွက်သီးနှံများကို ခြံရှင်များအား ခူးယူခွင့် ပြုထားသော် လည်း ထပ်မံ တိုးချဲ့စိုက်ပျိုးခွင့် မပြုတော့ကြောင်း ခြံရှင်များက ပြောသည်။
“ကျနော်တို့ စိုက်ဖို့ လိုင်းတွေ ပေါက်ပြီးပြီ။ စိုက်သလောက်လည်း စိုက်ပြီးပြီ။ နောက်ထပ် လုံးဝ တိုးမစိုက်နဲ့လို့ လာပြောတယ်။ ဘယ်အချိန်မှာ ဖယ်ပေးရမယ် မသိတော့ ရင်တမမနဲ့ သောက ဖြစ်နေ ရတယ်” ဟု ၁ဝ ဧကပိုင် ခြံရှင်တဦးကလည်း ပြောသည်။
ကော့သောင်းမြို့အနီး မြန်မာပိုင် သူဌေးကျွန်းကို ဟိုတယ် ဆောက်လုပ်ရန် ထိုင်းစီးပွားရေး လုပ်ငန်း ရှင်များအား နှစ် ၃၀ ဂရမ်ဖြင့် ငှားရမ်းပေးပြီး နောက်တွင် စီးပွားရေး လုပ်ငန်းရှင်များက ၁၉၉၆ မှ ၁၉၉၈ ခုနှစ်အတွင်း ကော့သောင်းမြို့တွင်း ရှိ လမ်းများကို ကတ္တရာ ခင်းပေးခဲ့သည့်အတွက် ရွှေပြည်သာ ရပ်ကွက်ရှိ အထက်ပါ ဥယျာဉ်ခြံမြေများလည်း တန်ဖိုးမြင့်လာ၍ စစ်တပ်မှ သိမ်းယူလိုခြင်း ဖြစ်သည် ဟု ဒေသခံ များ ပြောသည်။
“အရင်က ရွှေပြည်စိုးနဲ့ ရွှေပြည်သာ ရပ်ကွက်ကြားမှာ တပ်ပိုင်မြေဆိုလို့ တခွန်းမှ မဟခဲ့ဘူး။ အခု ဟိုတယ် သူဌေး ကတောင်ပတ်လမ်းမှာ ကတ္တရာခင်းပေးခဲ့လို့ အဲဒီလမ်းဘေးက အိမ်တွေ ယာတွေ ဈေးကောင်း လာတယ်။ ဒါကိုတပ်ကလောဘ တက်ပြီး သိမ်းဖို့လုပ်တယ်” ဟု ဒေသခံတဦးဖြစ်သူ ကိုသန်းထွန်း က ပြော သည်။အထက်ပါ ခြံမြေများကို သိမ်းယူပြီးနောက် ကျောက်စရစ် ကြိတ်ခွဲသည့် ကုမ္ပဏီတခုထံသို့ စစ်တပ် က ရောင်းချဖွယ် ရှိကြောင်းလည်း သူက ပြောသည်။
ကော့သောင်းမြို့တွင် ကမ်းရိုးတမ်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၄၂၊ ခမရ ၂၆၂၊ ခမရ ၄၃၂၊ လက်နက်ကြီး တပ်နှင့် စစ်ဗျူဟာတို့ အခြေချလျက်ရှိပြီး ၁၉၉၃ ခုနှစ်မှ ၁၉၉၉ ခုနှစ်ထိ တပ်တည် ရန်အတွက် မြေဧက ၁၅၀ ကျော်ကို သိမ်းယူခဲ့ပြီး ဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောသည်။
ခြံမြေ အသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ကြာသပတေးနေ့တွင် ခြံပိုင်ရှင်များက ကော့သောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ)၏ အကူအညီဖြင့် ဒေသန္တရ အာဏာပိုင်များထံ တင်ပြသွားမည် ဖြစ်ပြီး ပြေလည်မှု မရပါက နိုင်ငံတော် သမ္မတကြီးထံသို့ အဆင့်ဆင့် တင်ပြသွားမည်ဟု ဆိုသည်။
၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ ပုဒ်မ ၃ (၁) (ခ) တွင် “လယ်ယာမြေကို မလုပ်ကိုင်ရဟု သော်လည်းကောင်း၊ လယ်ယာမြေထဲသို့ မဝင်ရဟု သော်လည်းကောင်း တားဆီးခြင်း မပြုရ” ဟူ၍ပြဋ္ဌာန်းထားခဲ့သော်လည်း ၂ဝ၁၂ ခုနှစ် မတ်လ ၃ဝ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် လယ်ယာမြေ ဥပဒေ အသစ်အရ အထက်ပါ ဥပဒေမှာ ဖျက်သိမ်းခံ လိုက်ရ သည်။

သတင်းရင်းမြစ်
း မဇ္ဈိမ
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။