အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, June 28, 2012

သျှမ်းပြည်တွင်းမှာ မူးယစ်ဆေးဝါး မီးရှို့ဖျက် ဆီးပွဲကို RCSS/SSA က ပထမဆုံးအကြိမ် ကျင်းပ

ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ် မတော် RCSS/SSA က သျှမ်းပြည်တွင်းမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ပထမဆုံး မီးရှို့ဖျက် ဆီးမယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး  RCSS/SSA ဥက္ကဋ္ဌဌ ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် ကို သျှမ်းသံတော်ဆင့် သတင်းဌာနက သွားရောက်မေးမြန်းထားပါတယ်။

DSC_0010
မေး။    ။ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် RCSS/SSA က မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမယ်ဆိုတာက ဘယ်မှာရှို့မှာလဲ။
ဖြေ။    ။ အစကတော့ တောင်ကြီးမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နဲ့ ပေါင်းရှို့ဖို့ ပြောထားပါ တယ်။ ဒါပေမဲ့ နေပြည်တော်က ခွင့်မပြုရင် တောင်ကြီးကလည်း လက်မခံနိုင်ဘူး။ သတင်းစာရှင်းလင်း ပွဲ စုပေါင်းလုပ် တာဘဲရှိမယ်။ မူးယစ်ဆေးဝါး မီးရှို့တာကတော့ ကျနော်တို့ ကိုယ့်ဖာသာလုပ်မယ်။ သျှမ်း ပြည်တောင်ပိုင်း မိုင်းနောင်မှာပါ။ သတင်းမီဒီယာတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရဘက်က တာဝန်ရှိ သူ တွေကို ဖိတ်ထားပါတယ်။ နမ့်ဇန်မြို့ နောင်ဟဲန့် အခြေစိုက် ပြည်သူ့စစ်စခန်းနဲ့ လဲချားက ဝမ့်ပန်ပြည်သူ့စစ်စခန်းက ဖမ်းဆီးရမိတဲ့ ဘိန်းတွေကို မီးရှို့ဖျက်ဆီးမယ်။

မေး။    ။ အရင်က မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးဖူးသလား။ ဘယ်နေရာတွေမှာလဲ။
ဖြေ။    ။ နယ်စပ်မှာ ၂ ကြိမ် မီးရှို့ဖျက်ဆီးဖူးပါတယ်။ ၂၀ဝ၁ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်အုပ်စုနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ်မှာ တကြိမ်၊ ၂၀ဝ၂ မယ့်ဖှာ့လုံနှင့် မျက်နှာချင်းဆိုင်ရှိ  စစ်ဒေသ အမှတ် ၁ လွယ်ကော်ဝမ်းမှာ တကြိမ်။ အခု ပြည်တွင်းမှာ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတာ ပထမဆုံး အကြိမ်ပေါ့။

မေး။    ။ ထိုင်းနိုင်ငံက RCSS/SSA ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဆုချီးမြှင့်တယ်လို့ သိရပါတယ်။ အကြောင်းရင်းကို ပြောပြစေချင်ပါတယ်။
ဖြေ။    ။ ကျနော်တို့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့ လုပ်ဆောင်ချက်ကိုကြည့်ပြီး ထိုင်းရဲတွေက ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

မေး။    ။ RCSS/SSA က အစိုးရနဲ့ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရတဲ့ အကြောင်းရင်းကို ပြောပြပါ။
ဖြေ။    ။ RCSS/SSA လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ပေါ်လစီရှိတယ်။ တတ်နိုင်သလောက် မူးယစ်ဆေးဝါး တိုက်ဖျက်လာတယ်။ အရင်တုန်းကတော့ မြန်မာစစ်တပ်နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်နေ တဲ့အချိန်ဆိုတော့ စစ်အစိုးရက ကျနော်တို့ကို မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်သူလို့ စာရင်းသွင်း တယ်။ ကျနော်တို့ကလည်း စစ်အစိုးရကို မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်သူတွေကို နောက်ကနေ ကူညီနေတယ်လို့ ပြန်ပြီးယိုးချတယ်။ တယောက်နဲ့ တယောက် ယိုးချနေကြတယ်။ ဒီနှစ်တော့ တယောက် နဲ့တယောက် မယိုးချရလေအောင်ဆိုပြီး မေလ ၁၉ ရက်နေ့ ကျိုင်းတုံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အဓိက သွားရောက်ဆွေးနွေးတယ်။ အဲဒီနောက် ကျနော်တို့ ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါး တိုက် ဖျက် ရေး ကော်မတီကို တောင်ကြီးကို စေလွှတ်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က လူကြီးတွေ နဲ့ တွေ့ဆုံဆွေးနွေးတယ်။ ကျနော်တို့ တင်ပြချက်ကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အတွက် အထက်ကို တင်ပြပေး မယ်လို့ ပြောတယ်။ ရွှေတြိဂံဒေသက မူးယစ်ဆေးဝါး ပြဿနာဟာ ထိုင်း၊ တရုတ်၊ ကမ္ဘာ့ရဲ့ ပြဿနာ မဟုတ်ဘူး။ သျှမ်းလူမျိုးတွေရဲ့ အနီးကပ်ဆုံး ပြဿနာဖြစ်တယ်လို့ ကျနော်တို့ မြင်တယ်။ လူငယ်ကအစ အမျိုးသမီးပါမကျန် ယာမသုံးစွဲတယ်။ လယ်ယာ၊ တောင်ယာ၊ ခြံတွေမှာလည်း ယာမ သုံးပြီး အလုပ်လုပ်ကြတယ်။ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို ပညာပေးမယ့်သူ မရှိဘူး။  ထိုင်းနိုင်ငံ ကတော့ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို ပြောပြတာ ပညာပေးတာတွေ ရှိတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်းရမယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့  မြန်မာအစိုးရကိုတိုက်ဖျက်ဖို့ အချက် ၅ ချက် - ၁) စိုက်တဲ့သူ၊ ၂) သုံးစွဲတဲ့သူ၊ ၃) ကူးသန်းရောင်းဝယ်တဲ့သူ၊ ၄) ဓာတုဆေးဝါးတွေ ယူဆောင်လာသူ၊ ၅) ချက်ပြုတ်တဲ့နေရာ။တိုက်တွန်းချက် ၃ ချက် - ၁) မူးယစ်ဆေးဝါး အစားထိုး သီးနှံတွေ စိုက်ပျိုးသွားဖို့၊ ၂) မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို ပညာပေးသွားဖို့၊ ၃) ဝမ်းစာအတွက် လွတ်လပ်စွာ စိုက်ပျိုးဖို့ (ဥပမာ- အခွန်တိုးမြှင့်ကောက် တာ၊ အဓမ္မ ခိုင်းစေတာ မရှိဖို့)။ကာကွယ်တားဆီးရေး ၆ ချက် - ၁) စိုက်ပျိုးတဲ့သူမရှိဖို့ ၂) သုံးစွဲသူတွေမရှိဖို့ ၃) ကူးသန်းရောင်း ဝယ်တဲ့ သူတွေမရှိဖို့ ၄) ဓာတုဆေးဝါးတွေ ယူဆောင်လာတဲ့သူတွေမရှိဖို့ ၅) ချက်ပြုတ်တဲ့နေရာ မရှိဖို့ နဲ့ ၆) မူးယစ်ဆေးဝါးနဲ့ဘိန်းကိုအကာအကွယ်ပေးမယ့်သူတွေမရှိဖို့ စတာတွေ တင်ပြတယ်။

ကျနော်တို့ဘဲ လုပ်ဆောင်လို့ မရဘူး။ အစိုးရနဲ့ ပူးပေါင်းရမယ်။ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရမယ်။ သျှမ်းပြည်မှာဆိုရင် အဖွဲ့အစည်းတွေ အများကြီး။ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းရမယ်။ အားလုံး ပူးပေါင်းပြီး လုပ်ဆောင်မယ်ဆိုရင် မူးယစ်ဆေးဝါးလည်း ပပျောက်သွားမယ်။ အနောက်နိုင်ငံက ထင်မြင်နေသလို  ဒီအဖွဲ့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတယ်၊ ဟိုအဖွဲ့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတယ်ဆိုတာ လည်း မရှိတော့ဘူး။ ပူးပေါင်းမလုပ်ဆောင်နိုင်ဘူးဆိုရင် မူးယစ်ဆေးဝါးကြောင့် နာမည်ပျက်နေ တဲ့ မြန်မာပြည် လည်း ဆက်ပြီးနာမည်ပျက်နေမှာဘဲ။ သျှမ်းပြည် တိုင်းရင်းသားတွေကို မူးယစ်ဆေးဝါး မသုံးစေချင်ဘူး။ ယာဘက ဘိန်းဖြူထက်ပိုဆိုးတယ်။ ယာဘသုံးစွဲတာဟာ ဘိန်းဖြူသုံးစွဲ တာထက် လူကိုထိခိုက်တာ ပိုမြန်တယ်။ ယာဘကို ၃ နှစ်ကြာ သုံးစွဲပြီးရင် ဦးနှောက်ပျက်ပြီ။ ဒါကို လူကြီးတွေက သားသမီးတွေကို သွန်သင်ဆုံးမသင့်တယ်။ ပဲ့ကိုင်သင့်တယ်။ ကျနော်တို့ ကျေးရွာတွေမှာ ပညာတွေပေးသွားမယ်။

မေး။    ။ RCSS/SSA က မူးယစ်ဆေးဝါး တိုက်ဖျက်မယ်ဆိုတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပြဿနာ ဖြစ်လာနိုင်မှာလဲ။ RCSS/SSA ဖက်က ဘယ်လို စီစဉ်ထားသလဲ။
ဖြေ။    ။ မြန်မာအစိုးရနဲ့ ပူးပေါင်းနိုင်ပြီဆိုရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးမယ်။ ဘယ်လိုဆွေးနွေးမယ်ဆိုတာတော့ မြန်မာအစိုးရနဲ့ ဆွေးနွေးရဦးမယ်။ မူးယစ်ဆေးဝါး မစိုက်ဖို့ မထုတ်လုပ်ဖို့ သတိပေးမယ်၊ အချိန်ပေးမယ်။ အဲဒါတောင် လုပ်နေသေးရင် ဥပဒေနဲ့ အရေးယူ သွားဖို့ ကျနော်တို့ဖက်မှာတော့ စီမံချက်ရှိပါတယ်။

မေး။    ။ RCSS/SSA က ၆ နှစ်အတွင်း မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်ဆောင်သွား မယ်ဆိုတာ ဖြစ်နိုင်မှာလား။
ဖြေ။    ။ အားလုံးပူးပေါင်းပြီး တိုက်ဖျက်သွားရင်တော့ ပပျောက်နိုင်ပါတယ်။ မပူးပေါင်းဘဲ မူးယစ် ဆေးဝါးကို ဂိမ်းသဖွယ် ကစားနေရင်တော့ ၆ နှစ်မပြောနဲ့ ၁၀ နှစ် အနှစ် ၂၀ လည်း မပျောက်နိုင် ဘူး။ ကြိုးစားပြီး လုပ်ရင်တော့ ပပျောက်နိုင်မယ်။ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်ရင် မူးယစ်ဆေးဝါး ကူးသန်းရောင်း ဝယ်တယ်လို့ ထင်မြင်နေကြတဲ့ ကမ္ဘာကို ထင်ထင်ရှားရှားကြီး မြင်နိုင်အောင် ကျနော်တို့ ပြသရတော့မယ်။ ကျနော်တို့ လက်နက်ကိုင် တိုက်ပွဲဝင်တာ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ဖို့ မဟုတ်ဘူး။ အမျိုးသား အတွက်ဆိုတာ ပြသရတော့မယ်။ မူးယစ်ဆေးဝါးကို အမှီမပြုလည်း ကျနော်တို့ နေထိုင်လာနိုင်တာဘဲ။ သျှမ်းပြည်မှာ အရင်က ဘိန်းမစိုက်ဘဲ နေလာနိုင်တာဘဲ။ ဘိန်းကို တခြားနိုင်ငံ ကနေ ယူဆောင်လာတာပါ။ ဘိန်းမစိုက်တဲ့ နိုင်ငံတွေလည်း ကြွယ်ဝချမ်းသာနေတာဘဲ။ ဖွံ့ဖြိုးတိုးတက် နေတာဘဲ။ တော်လှန်ရေးလုပ်ဖို့ မူးယစ်ဆေးဝါးကနေဘဲ အထောက်အပံ့တွေရတာမဟုတ်ဘူးဆိုတာ ပြသရတော့မယ်။ အာဏာပိုင်တွေဟာ မူးယစ်ဆေးဝါးကို ဂိမ်းလိုသဘောထားပြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကစားနေတာကို ကမ္ဘာက သိသင့်ပြီ။

မေး။    ။ ပြည်သူတွေကို ဘာများမှာကြားချင်ပါသလဲ။
ဖြေ။    ။ ၁) မူးယစ်ဆေးဝါးဟာ ဘဝအတွက် အကျိုးရှိ/မရှိဆိုတာ စဉ်းစားသုံးသပ်ဖို့ အရေးကြီးဆုံးဘဲ။ ဘိန်းဖြူ၊ ယာဘဆိုတာ ကောင်းကျိုးမပေးဘူး။ ဒါကြောင့် သေချာစဉ်းစားဆုံးဖြတ်ပါ။
၂) လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ကိုယ့်လူမျိုး၊ တိုင်းပြည်အတွက် လက်နက်ကိုင် တိုက်ပွဲ ဝင်တယ်ဆိုတာ သိသင့်တယ်၊ နားလည်သင့်တယ်။ လက်နက်ကိုင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖို့ ဆိုတာမဟုတ်ဘူး။ အချင်းချင်း နားလည်မှု လွှဲတာလည်း မဖြစ်စေချင်ဘူး။
၃) မြန်မာပြည်သူတွေ၊ အဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတွေ အားလုံးပူးပေါင်းပြီး မူးယစ်ဆေးဝါးကို တိုက်ဖျက်စေချင်တယ်။

နယ်စပ်တလွှား မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA က ထိုင်းအစိုးရနဲ့အတူ  အင်တိုက်အားတိုက် လက်တွဲ ပူးပေါင်း ဆောင်ရွက်ခဲ့လို့ ထိုင်းအစိုးရကနေ ရွှေလင်းယုန်ဆုကို ပေးအပ်ချီးမြင့်ခဲ့ပါတယ်။ သျှမ်းပြည် တပ်မတော် RCSS/SSA ဟာ မြန်မာအစိုးရနဲ့  အပစ်မရပ်ခင်ကလည်း ဌာနချုပ် လွယ်တိုင်းလျဲန်း မှာ ဖမ်းမိ မူးယစ်ဆေးတွေကို  နှစ်စဉ် မီးရှို့ တိုက်ဖျက်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း   အစိုးရ နဲ့ ဆိုင်ရာအဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေကို သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ မှာ( ပြည်တွင်းမှာ) ပထမဦးဆုံး မီးရှို့တိုက်ဖျက်ရေးအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်       

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။