အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, June 27, 2012

ပြင်သစ် သမ္မတ Francois Hollande နဲ့ ဒေါ်အောင်ဆန်း စုကြည် သတင်းစာ ရှင်းလင်းပွဲ

ပြင်သစ် သမ္မတ Francois Hollande က မြန်မာ နိုင်ငံက ပြုပြင် ပြောင်းလဲ ရေး မှာ ပါဝင်လုပ် ဆောင်ကြသူ အားလုံးကို ထောက်ခံ ပန့်ပိုးပေး သွားမှာဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပြောကြားလိုက်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ကိုလည်း ပြင်သစ်နိုင်ငံကို လာရောက် လည်ပတ် လိုမယ် ဆိုရင် ဖိတ်ခေါ်ဖို့ အဆင့်သင့် ရှိကြောင်းလည်း ပြင်သစ်သမ္မတကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြပ်အတည်းတွေ အတွက် နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှုတွေကို ဖိတ်ခေါ်ပေမဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကိုတော့ အထိခိုက်ခံမှာ မဟုတ်ကြောင်း ပြောဆို
ပါတယ်။

"ကျွန်မတို့ဟာ ဒီမိုကရေစီကို လိုအပ်သလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း လိုအပ်ပါတယ်။ ဒီမိုကရေစီ ကို ဖွံ့ဖြိုးတိုးတက်မှုနဲ့ အစားထိုးလို့ မရပါဘူး။ ဒီမိုကရေစီ အုတ်မြစ် ခိုင်မာရေးအတွက်သာ ဒီဖွံ့ဖြိုးတိုးတက် မှုကို အသုံးချသွားရမှာ ဖြစ်ပါတယ်။ " - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရင်းနှီးမြုပ်နှံမှုမှာလည်း ဘဏ္ဍာရေးအရ ပွင့်လင်းမြင်သာမှု ရှိဖို့ ဟာ မရှိမဖြစ် လိုအပ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ဟာ ရိုးသားဖြောင့်မတ် တည်ကြည်သူ လို့ သူ ယုံကြည်တဲ့ အကြောင်း၊ ဒါပေမဲ့ အစိုးရအဖွဲ့ထဲက လူအားလုံးအတွက်တော့ အာမ မခံနိုင်တဲ့ အကြောင်း၊ စစ်တပ်က အလေးအနက် ပါဝင် လုပ်ဆောင်လာတဲ့ အချိန်ကျမှ သာလျှင် နောက်ကြောင်း ပြန်မလှည့်နိုင်တော့ တဲ့ပြောင်းလဲမှုလို့ ပြောနိုင်မှာ ဖြစ်တဲ့ အကြောင်းကိုလည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် အတွင်းမှာ ရခိုင်ပြည်နယ် အတွင်းက ပဋိပက္ခတွေကလည်း ဆက်တိုက်ဖြစ်ပေါ်နေတဲ့ အတွက် ဒီကိစ္စတွေ အပေါ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘော ထားကို သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။

ပြည်တွင်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာဒေါ်အောင်ဆန်းစုကြည်က- - လူမှုရေး မတည်ငြိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အတွက် ဒီမိုကရေစီကျတဲ့ ပြုပြင်ပြောင်းလဲရေးက အဓိက ကျကြောင်း
ပြောပါတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြား အမှန်တကယ် ငြိမ်းငြိမ်းချမ်းချမ်း အဆင်ပြေပြေ ရှိစေဖို့အတွက်ကတော့ အချိန်ယူရလိမ့်အုန်းမှာ ဖြစ်ကြောင်း၊ အခု လတ်တလော အချိန်မှာ အရေးကြီးဆုံး လုပ်ဆောင်ရမှာက တရားဥပဒေစိုးမိုးရေး ဖြစ်ပေါ်ဖို့ဖြစ်ကြောင်း၊ နိုင်ငံသားဆိုင်ရာ ဥပဒေတွေကို လည်း နိုင်ငံတကာအဆင့်နဲ့ အညီချမှတ်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ဖြေကြားသွား ပါတယ်။

သတင်းရင်းမြစ်    RFA     

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။