ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲတစ်ခုကို
ဇူလိုင်လ ၁၁ ရက်နေ့တွင် သတင်းထောက်များ ၏ တောင်းဆို ချက် အရ
ပြုလုပ်ပေးခဲ့သည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်
စတုတ္ထပုံမှန်အစည်း အဝေး ခေတ္တ ရပ်နားစဉ် သတင်းထောက်များမှ လွှတ်တော်ဆိုင်ရာ
ကိစ္စများအတွက် သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ရာမှ
ယခုကဲ့သို့ သတင်းထောက်များ ၏ မေးမြန်း ချက်ကို ပြန်လည်
ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
သတင်းထောက်တစ်ဦးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည့် ကိစ္စများနှင့်
ပတ်သက်၍ မေးမြန်းရာ
''ဒီမိုကရေစီမှာ အတိုက်အခံ အဖွဲ့အစည်းဆိုတာ ရှိရမှာပဲ။
အခု အခြေအနေအရ အန်တီတို့ကို အတိုက် အခံ အဖွဲ့အစည်းလို့ခေါ်ရင်လည်း
အန်တီတို့အနေနဲ့ မကန့်ကွက်ပါဘူး။ အန်တီပြောခဲ့တာက ရန်လုပ်ဖို့ လာတာ
မဟုတ်ဘူး။ စည်းစည်းလုံးလုံးနဲ့ တတ်နိုင်သမျှ နိုင်ငံအကျိုးအတွက်
ပူးပေါင်းဆောင်ရွက်ဖို့ လာတာပါ။ အန်တီတို့ကတော့ နိုင်ငံအပေါ်မှာ
သစ္စာစောင့်သိတဲ့ အတိုက်အခံ အဖွဲ့အစည်းဆိုတဲ့အမြင်နဲ့ လုပ်သွားမှာပါ။
ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ နိုင်ငံတော် အကျိုးပြုချင်လို့
အကျိုးပြု တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်သင့်တဲ့သူနဲ့
ပူးပေါင်းဆောင်ရွက်သွားပါမယ်''
ဟု ပြန်လည်ဖြေကြားခဲ့သည်။
''လွှတ်တော်ကို ၃ ရက်တက်ပြီး နောက်လွှတ်တော်ကို ဘယ်လိုမြင်ပါသလဲ'ဟု
မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က 'ခြုံငုံပြီးပြောရမယ်ဆိုရင်
အန်တီတို့အနေနဲ့ လွှတ်တော်ကို နည်းနည်း ပိုပြီးတော့ လွတ်လွတ်လပ်လပ်
ဖြစ်စေချင်တယ်။ အန်တီတို့ကိုယ်တိုင် က ကိုယ်စားလှယ်တွေ ဆိုတော့ ၀င်လိုက်
ထွက်လိုက်လုပ်နိုင်တဲ့ အခွင့်အရေးတွေ ပိုပြီးတော့ များစေချင်တယ်။
ဥပမာဆိုရင် တချို့ကိစ္စ ရပ်တွေဟာ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊
ကိုယ့်ရဲ့စိတ်ဝင်စားမှု မဟုတ်ဘူးဆိုရင် တခြားမှာ သွားပြီးတော့
ကိုယ်စိတ်ဝင်စားတဲ့ အဆိုတွေနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့၊ ဆွေးနွေးဖို့ အဲလို
အနေအထားမျိုး ရှိနိုင်မယ်ဆိုရင်တော့ ကိုယ်စားလှယ်တွေအတွက်
ပိုလွတ်လပ်တာပေါ့။ ဒါပေမယ့် အခုကျတော့ အားလုံးထိုင်ပြီးတော့
တစ်ချိန်ထဲမှာထိုင်၊ တစ်ချိန်ထဲမှာထဆိုတော့ အဲဒါကတော့
နောက်လည်းဖြစ် လာမယ်လို့ ထင်ပါတယ်။ ရင့်ကျက်တဲ့ လွှတ်တော်တွေနဲ့တော့
နည်းနည်းကွာသေးတာပေါ့'' ဟု ဖြေကြား ခဲ့သည်။
''လွှတ်တော်မှာ အန်တီအဆိုတွေ၊ မေးခွန်းတွေ ဘယ်တော့လောက်တွေ့
မြင်ရနိုင်ပါသလဲ''ဟု မေးမြန်းရာ 'အဲဒါ မသိဘူး။ ဒါက အန်တီတို့ဆုံးဖြတ်တာ
မဟုတ်ဘူး။ တင်တာတင်တာ။ ဘယ်တော့လောက် လက်ခံ မလဲ ဆိုတာကတော့
လွှတ်တော်ရုံးအပေါ်မှာ မူတည်တာပေါ့။ အခုတစ်ခုပဲ စဉ်းစားထားတာ ရှိပါတယ်။
အခုမပြောသေးဘူး။ ပညာရေးနဲ့တော့ ဆက်စပ်မှာပေါ့။ အဆိုတင်သွင်းမှုတွေကို
လုပ်ဖို့တော့ အန်တီတို့ ကိုယ်စားလှယ်တွေက တင်ထားတယ်။ ဥပဒေကြမ်းတင်ဖို့တော့
မရှိသေးပါဘူး''ဟု ပြောကြားခဲ့သည်။
လွှတ်တော်တွင်းမှ ပြည်သူ့အတွက် ဘာတွေဆောင်ရွက်ဖို့ ရှိပါသလဲဟု မေးမြန်းရာ
'အန်တီအမြဲပြော တယ်။ အန်တီပေးနိုင်တဲ့ ကတိတစ်ခုပဲ ရှိတယ်။ အန်တီ
အကောင်းဆုံးကြိုးစားမယ်။ အကောင်းဆုံး လုပ်မယ်။ လွှတ်တော်ထဲမှာလည်း
အကောင်းဆုံးကြိုးစားမယ်။ ဒါပေမယ့် လွှတ်တော်ထဲရောက်လို့ လွှတ်တော်ပြင်ပက
နိုင်ငံရေးကို လုံးဝလက်လွှတ်မှာ မဟုတ်ဘူးဆိုတာ အန်တီ သေချာပြော ချင်ပါတယ်'' ဟု
ဖြေကြားခဲ့သည်။
ကော့မှူးမြို့နယ်အတွက် သီးခြားအဆိုတင်သွင်းရန် မရှိသေးကြောင်း၊ ၀န်ကြီးအပြောင်းအလဲ သတင်း များနှင့်ပတ်သက်၍ အဓိက အပြောင်းအလဲဆိုသည်မှာ မည်သူမည်ဝါဆိုသည် ထက် ကောင်း သည့်ပြောင်း လဲခြင်းဘက်သို့ ဦးတည်ရန်သာ အရေးကြီးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
သတင်းရင်းမြစ်
း Eleven Media Group
|
Thursday, July 12, 2012
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲပြုလုပ်၊ လွှတ်တော်ကို ပိုပြီး လွတ်လွတ်လပ်လပ် ဖြစ်စေချင်ကြောင်းနှင့် ပညာရေးနှင့် ဆက်စပ်မှုရှိသည့် အဆိုတင်သွင်းမှုများ ပြုလုပ်ရန်ရှိကြောင်း ပြောကြား
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။