နေပြည်တော်၊ ဇူလိုင် ၁၇
အမေရိကန် ပြည်ထောင်စုက ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဥပဒေကို သက်တမ်း တိုးမြှင့်ပေးရန် တင်သွင်းခဲ့သူ အမေရိကန် အထက် လွှတ်တော်အမတ် မစ်ခ်ျ မက္ကောနယ် ကို အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဖြေလျှော့မှုများ ပိုမိုတိုးမြှင့်ပေးရန် ဇူလိုင် (၁၆)ရက်နေ့ ည(၈)နာရီတွင် ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ကြောင်း NLD ပါတီမှ ပြောခွင့်ရ ပုဂ္ဂိုလ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားသည်။
မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု၏ ဆက်ဆံရေးမှာ သံအမတ်ကြီး အဆင့်အထိ တိုးမြှင့် ထားပြီး ဖြစ်ခြင်း ၊မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများသည် တဖြည်းဖြည်းတိုး မြှင့်လာပြီဖြစ် သည့် အတွက် အမေရိကန်မှ ဖြေလျှော့မှုများပြုလုပ် ပေးနေသည်ကို ဆက်လက် တိုးမြှင့်ပေးရန်နှင့် မြန်မာ လူထု၏ ဘ၀ ပိုမို တိုးတက် သာယာရေးအတွက် ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးတက်လာစေရန် ဆိုသည့် အချက် သုံးချက်ကို ဒေါ်အောင်ဆန်းစုကြည်က မစ်ခ်ျ မက္ကောနယ် ကို တောင်းဆိုခဲ့ကြောင်း ၄င်းက ရှင်းပြသည်။
မစ်ခ်ျ မက္ကောနယ်မှာ ဇူလိုင်လ ၂၆ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် Burma Freedom and Democracy Act (BFDA) ၂၀၀၃ ကို သက်တမ်း၃နှစ် ဆက်လက် တိုးမြှင့်ရန် အမေရိကန်အထက် လွှတ်တော် တွင် အဆိုပြုထားသူဖြစ်သည်။
မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ကန့်သတ်ချက် အချို့ကို အမေရိကန် ပြည်ထောင်စုမှ ဖယ်ရှားပြီး ရက်ပိုင်း အတွင်းမှာပင် အမေရိကန် အခြေစိုက် ကုမ္ပဏီ ၃၆ ခုသည် နှစ်ပေါင်း နှစ်ဆယ့်ခုနှစ်နှစ် အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လာရောက် လေ့လာလျှက် ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများထံမှ သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီး အဆို အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဒေါ်နန်းဝါနုက စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းနိုင်ရေး အတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကို မဆို မည်သည့် နည်းလမ်းကို မဆို အသုံးပြု ၍ ဖြစ်စေ ညှိုနှိုင်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ အကြား အခြေအတင် ဆွေးနွေး ၍ အတည်ပြုခဲ့ရသည်။
စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန် ပြည်ထောင်စုက ဖြေလျှော့ ပေးလိုက်ပြီ ဆိုသော်လည်း အမေရိကန် နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာပြည်သို့ လာရောက် ခွင့်ပြုခြင်းသာဖြစ် သည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
သတင်းရင်းမြစ်း The Voice Weekly
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။