မြန်မာနိုင်ငံတ၀ှမ်းမှာ
ဇူလိုင်လ ၁၉ ရက်နေ့ ကျင်းပမယ့် ၆၅ နှစ်မြှောက် အာဇာနည်နေ့ အထိမ်းအမှတ်
ချီတက်အလေးပြု လွမ်းသူ့ပန်းခွေချမယ့် အစီအစဉ်တွေကို အာဏာပိုင်တွေက
တားဆီးပိတ်ပင်နေ တယ် လို့ သတင်းရရှိပါတယ်။
မွန်ပြည်နယ်အတွင်းက မြို့နယ် လေးမြို့နယ်မှာ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပ ခွင့်ရဖို့ တင်ပြတောင်းဆိုခဲ့ရာ သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေက ခွင့်မပြုဖူးလို့ မော်လမြိုင်မြို့နယ်က NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုဇော် က အာအက်ဖ်အေ ကို ပြောပါတယ်။
"အာဇာနည်နေ့ အခမ်းအနား ကျင်းပမည့်နေရာက စည်ပင်သာယာပိုင်မြေဖြစ်နေတယ် ဆိုပြီးတော့ အဲ့ဒါ ကို အကြောင်းပြချက်ပြပြီးတော့ ကျနော်တို့ကို ကျင်းပခွင့် မပြုဘူးပေါ့၊ အာဇာနည် ဗိမာန်ဆိုတာ ရန်ကုန် မှာ ပဲ ရှိတယ်တဲ့။ ရေးမှာ အာဇာနည်ဗိမာန်မရှိတဲ့အတွက် ကျင်းပခွင့် မပြုနိုင်ဘူး ဆိုပြီးတော့ အဲ့လိုပြောတာ၊ မော်လမြိုင်မှာဆိုလို့ရှိရင် ဒီ သံလွင်ဥယာဉ်ထဲမှာ ရှိတဲ့ ဗိုလ်ချူပ် ရုပ်ထုနေရာက အရင် ကတော့ အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့တယ်ပေါ့နော်၊ ဟိုအရင် အစိုးရတွေလက်ထက်တုန်းက။ အခု ဒီနှစ်ကြတော့ ကျနော်တို့က သွားလျှောက်တဲ့အခါကြတော့ အဲ့ဒါက အများပြည်သူ အပန်းဖြေရာ ဥယာဉ်ဖြစ် တဲ့အတွက် ပန်းခြံဖြစ်တဲ့အတွက် ခွင့်မပြုနိုင်ပါဘူးဆိုပြီး အဲ့လိုအကြောင်းပြတယ်။ ပုံစံ အတူတူပဲဗျ လေးမြို့နယ်လုံးက။"
ရေးမြို့နယ်မှာ အာဇာနည်နေ့အခမ်းအနားကျင်းပခွင့် မပေးတဲ့ အမိန့်စာကိုတော့ ရေးမြို့နယ် ရဲ တပ်ဖွဲ့မှူးရုံး ကနေပြီး ဇူလိုင်လ ၁၄ ရက် နေ့စွဲနဲ့ ပေးပို့ခဲ့တာဖြစ်ပြီး မော်လမြိုင်မြို့မှာတော့ ပြီးခဲ့တဲ့ ၃ ရက်ခန့်ကမှ မြို့နယ်အုပ်ချူပ်ရေးမှူးက အကြောင်းပြန်လာတာလို့ပြောဆိုပါတယ်။
တဆက်တည်းမှာပဲ ချောင်းဆုံမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာလည်း အလားတူ ပိတ်ပင်မှုတွေ ရှိကြောင်း ပါတီဝင်တွေကတင်ပြခဲ့ကြတယ်လို့ ဦးကိုကိုဇော် က ပြောပါတယ်။အလားတူ ပြည်၊ ဒလ ၊ တောင် ကြီး၊ ပင်လုံ၊ ပျဉ်းမနား အောင်ပန်း စတဲ့မြို့တွေမှာ လည်း အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်ကြတာကို သက်ဆိုင်ရာတွေက ပိတ်ပင်နေတဲ့အတွက် အာဏာပိုင်တွေ ရဲ့ လုပ်ဆောင် ချက်တွေအပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ က ဝေဖန်ပြောဆိုလိုက် ပါတယ်။
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အနေနဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ အာဇာနည်ဗိမာန်ကို သွားရောက် ပန်းခွေ ချကြမယ်လို့လည်း သိရပါတယ်။

သတင်းရင်းမြစ်
း RFA
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။